Nothing ဟာ အခုအချိန်အထိ စမတ်ဖုန်းအနေနဲ့ Nothing Phone (1) နဲ့ Nothing Phone (2) ဆိုပြီး ၂ မျိုးပဲ စျေးကွက်ထဲကို မိတ်ဆက်ထားတဲ့ ကုမ္ပဏီအသစ်တစ်ခုဖြစ်ပါတယ်။​ ဒါပေမယ့် လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Nothing ကနေ မကြာခင်မှာ စျေးပိုသက်သာတဲ့ Nothing Phone (2a) ဖုန်းအသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုလည်း အဆိုပါ Nothing Phone (2a) ရဲ့ Specs အချို့နဲ့ စျေးနှုန်းကို Leaker တစ်ဦးဖြစ်တဲ့ Roland Quandt ကနေ X (Twitter) မှာ ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ ဖော်ပြချက်အရ Nothing Phone (2a) ဟာ RAM 8GB + 128GB Storage သို့မဟုတ် RAM 12GB + 256GB Storage ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ အဖြူနဲ့ အနက်ရောင် ဆိုပြီး ၂ မျိုး ထုတ်လုပ်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ €400 ဝန်းကျင်ဖြင့် စတင်ရောင်းချသွားမှာပါ။

Nothing Phone (2a) ဟာ Performance ပိုင်းမှာ Qualcomm Snapdragon Chipset တွေအစား MediaTek Dimensity 7200 Chipset ကို သုံးထားမယ်လို့ သိရပြီး Camera ပိုင်းကိုလည်း Dual 50MP Camera တွေထည့်သွင်းထားမှာဖြစ်ပါတယ်။​ Display အနေနဲ့ကတော့ 6.7″ Full HD+ AMOLED Display ကို အသုံးပြုထားမှာပါ။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ရောင်းချနေတဲ့ Nothing Phone (2) ဟာ စျေးနှုန်းအနေနဲ့ €699 ကနေ စတင်ရောင်းချနေတဲ့အတွက် Nothing Phone (2a) ဟာ စျေးနှုန်းအရ ထက်ဝက်နီးပါး ပိုမိုသက်သာနေမှာဖြစ်ပါတယ်။

Ref – 9to5Google