Nubia ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ ဂိမ်းမင်းဖုန်းတွေရဲ့ အမှတ်တံဆိပ်အဖြစ် လူသိများခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဂိမ်းမင်း Flagship အတော်များများကို ထုတ်ပြီးချိန်မှာတော့ အောက်ကိုတစ်ဆင့်ဆင်းပြီး Midrange အမျိုးအစားဖြစ်တဲ့ Nubia Play ကို စတင်ခဲ့ပါတယ်။

Nubia Play ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ပဈေးကွက်ကို ခြေဆန့်ချိန်မှာတော့ Nubia Play ဆိုတဲ့နာမည်နဲ့မဟုတ်တော့ဘဲ နာမည်သစ်ကို ပြောင်းလဲအသုံးပြုသွားမယ်လို့ သိရပါတယ်။ အခုထွက်လာတဲ့သတင်းအရ နာမည်သစ်ဟာ Nubia Red Magic 5G Lite ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် Nubia NX61J နဲ့ဟန်းဆက်ဟာ Nubia Play လို့ ပြောနိုင်ပါတယ်။ အခုတော့ ဒီဟန်းဆက်ဟာ Nubia Red Magic 5G Lite အဖြစ်နဲ့ GCF (Global Certification Forum) နဲ့ EEC (Eurasian Economic Commission) တို့မှာ အသိအမှတ်ပြုခံခဲ့ရတာကို တွေ့ရပါတယ်။

144Hz refresh rate နဲ့ AMOLED မျက်နှာပြင်၊ 240Hz touch sampling rate စတဲ့အချက်တွေအပြင် စိတ်လှုပ်ရှားစရာ Specs တွေကိုလည်း ယူဆောင်လာမယ်လို့ သိရပါတယ်။ အရှေ့ဘက်ဒီဇိုင်းကတော့ ခပ်ရှင်းရှင်းပဲဖြစ်ပြီး ဖြတ်တောက်ထားတာတွေ၊ Notch တွေ မတွေ့ရပါဘူး။ Selfie ကင်မရာကလည်း ထိပ်ပိုင်းက Bezel ထဲမှာပဲ ရှိနေပါတယ်။

Nubia ရဲ့ ထုံးစံအတိုင်း ဂိမ်းမင်းဖုန်းသဘောသဘာဝအဖြစ် Shoulder button နှစ်ခုက ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။ တစ်နည်းပြောရရင် ဒီဟန်းဆက်ဟာ ဘက်ဂျက်ဂိမ်းမင်းဖုန်းအဖြစ် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ဒါကြောင့် ဈေးကွက်ထဲက ထိပ်တန်းအဆင့် Chipset ကိုတော့ အသုံးမပြုထားပါဘူး။

Nubia Red Magic 5G Lite ဟာ Snapdragon 765G SoC ကို 8GB of RAM နဲ့ တွဲဖက်ထားတယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ ဂိမ်းမင်းဖုန်းအတွက် ရှိသင့်ရှိထိုက်တဲ့ပမာဏဖြစ်တဲ့ 5,100mAh လောက်တော့ ဖြစ်မယ်လို့ ခန့်မှန်းရပြီး၊ အနည်းဆုံးတော့ 30W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena