Nubia Red Magic 5G ဟာ ကမ္ဘာ့အမြန်ဆုံးအားသွင်းစနစ်အဖြစ် 80W အမြန်အားသွင်းစနစ် ပါဝင်လာမယ်လို့ သတင်းထွက်ထားတာပါ။ ဒီသတင်းကို Nubia ရဲ့ ဥက္ကဌဖြစ်တဲ့ Ni Fei ကိုယ်တိုင်က Weibo မှာ ဖော်ပြခဲ့တာပါ။ ဒါကြောင့် Nubia Red Magic 5G မှာ 80W အမြန်အားသွင်းစနစ် ထောက်ပံ့လာမယ်လို့ အားလုံးကယုံကြည်ထားကြပါတယ်။

ဒါပေမယ့် ရက်သတ္တပတ်တစ်ပတ်မပြည့်ခင်မှာပဲ Nubia Red Magic 5G မှာ 80W အမြန်အားသွင်းစနစ် ပါဝင်လာဖွယ်မရှိတော့ဘူးလို့ ယုံကြည်ရတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ်။ အဲဒါကလည်း Ni Fei ဆီကနေပဲ ထွက်လာတဲ့ သတင်းပါ။ Ni Fei ဟာ နောက်ဆုံးတင်ထားတဲ့ ပို့စ်မှာ အမြန်အားသွင်းစနစ်တွေကို မှတ်ချက်ပေးရွေးချယ်ခိုင်းထားတာ ဖြစ်ပါတယ်။

“100W + 4,000mAh ဒါမှမဟုတ် 55W + 4,500mAh ဒါမှမဟုတ် 30W + 5,000mAh” ဒီသုံးမျိုးထဲက ဘယ်အတွဲကို ပိုပြီးကြိုက်နှစ်သက်လဲလို့ Ni Fei က မေးထားတာပါ။ သူ့ရဲ့ မေးခွန်းထဲမှာ “80W” ကိုရည်ညွှန်းထားတာ တစ်ခုမှ မပါလာပါဘူး။ ဒီအတွက် Nubia Red Magic 5G မှာ 80W အမြန်အားသွင်းစနစ် မပါဝင်နိုင်တော့ဘူးလို့ တွေးစရာ ဖြစ်လာပါတယ်။

Nubia Red Magic 5G နဲ့ပတ်သက်တဲ့သတင်းတွေ ပြန်ကြည့်မယ်ဆိုရင်လည်း 3C မှာအတည်ပြုချက်ရခဲ့တဲ့ Device ဟာ 55W အားသွင်းစနစ်နဲ့ဖြစ်တာကို တွေ့ရပါမယ်။ Red Magic 3 နဲ့ 3s တို့ဟာ (5,000mAh ဘက်ထရီ) နဲ့ 18W အားသွင်းစနစ်ပဲ ပါဝင်ကြတာပါ။ ဒါကြောင့် 30W ဆိုရင်တောင်မှ ပိုပြီးဆင့်မြင့်နေပြီလို့ ပြောရမှာပါ။

Ni Fei ရဲ့ မေးခွန်းထဲမှာပါတဲ့ 100W အမြန်အားသွင်းစနစ်အကြောင်းပြောရင်တော့ “နည်းပညာက ဒီပမာဏအတွက် အဆင်သင့်ဖြစ်ပြီလား” လို့ပြန်မေးခွန်းထုတ်ရပါလိမ့်မယ်။ အဖြေကတော့ “မဖြစ်သေးပါဘူး” ဆိုတာပါပဲ။

Ref: GSM Arena