Nubia ဟာ Red Magic စီးရီးနဲ့ Gaming စမတ်ဖုန်းတွေကို လန်းသထက်လန်းအောင် ထုတ်လုပ်နေတဲ့ အမှတ်တံဆိပ်ပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ Nubia Play ဆိုတဲ့အမည်နဲ့ Midrange စီးရီးကို စတင်မိတ်ဆက်လာခဲ့ပြီး ဒီဖုန်းသစ်မှာ Red Magic Flagship ဖုန်းလိုပဲ 144Hz အကြမ်းစား Refresh Rate ပါဝင်လာပါတယ်။

တရုတ်ပြည်တွင်းမှာ ယခုမိတ်ဆက်လာတဲ့ Nubia Play 5G ဖုန်းမှာ 6.65” FHD+ AMOLED Screen ကို အသုံးပြုလာပြီး လက်ရှိ Gaming ဖုန်းတွေထဲမှာ အမြင့်ဆုံးလို့ဆိုနိုင်တဲ့ 144Hz Refresh Rate ကိုထည့်သွင်းထားပါတယ်။ Snapdragon 765G ချစ်ပ်ဆက်ကြောင့် 5G ချိတ်ဆက်နိုင်စွမ်းပါဝင်ပြီး ဘက္ထရီကလည်း 5,100 mAh တောင် ရှိပါတယ်။

Midrange ဈေးကွက်ကို ထိုးဖောက်မယ့် Gaming ဖုန်းသစ်မှာ Fingerprint ကို Display ထဲမှာပဲ ထည့်လာပြီး Notch တွေ ဘာတွေမသုံးဘဲ ရိုးရှင်းတဲ့ Screen ဒီဇိုင်းကိုမြင်ရမှာပါ။ ဆဲလ်ဖီကင်မရာက 12MP ဖြစ်ကာ ဂိမ်းဆော့ရတာ ပိုအဆင်ပြေအောင် Capacitive Shoulder Button နှစ်နေရာကို ဖုန်းရဲ့ညာဘက်မှာထည့်ထားပါတယ်။

နောက်ဘက်ကင်မရာကတော့ အပေါင်းလက္ခဏာပုံစံနေရာချထားတဲ့ Quad-camera အတွဲဖြစ်ပြီး 48MP Sony IMX582 Sensor က ဦးဆောင်လာပါတယ်။ ကျန်တဲ့ Sensor တွေကတော့ 8MP Ultra-wide နဲ့ 2MP Macro တစ်ခု၊ 2MP Depth Sensor တစ်ခု ဖြစ်ပါတယ်။

အတွင်းမှာ Snapdragon 765G ချစ်ပ်ဆက်ကို 6/8GB RAM နဲ့ပေါင်းစပ်ထားပြီး Storage က 128/256GB UFS 2.1 အမျိုးအစားဖြစ်ပါတယ်။ 5,100 mAh ဘက္ထရီကြီးကို 30W အားသွင်းစနစ်နဲ့ အားဖြည့်ပေးထားတယ်။ စက်နှင်စနစ်က Android 10 အခြေခံ nubiaUI 8.0 ပါ။

Nubia Play 5G စမတ်ဖုန်းဟာ Black, Blue, White ကာလာသုံးမျိုးနဲ့ တရုတ်ပြည်တွင်းမှာ ကြိုတင်အမှာစာ လက်ခံနေပါပြီ။ အခြေခံအကျဆုံးမော်ဒယ်ဖြစ်တဲ့ 6/128GB ဟာ တရုတ်ယွမ် ၂၄၀၀ (မြန်မာငွေ လေးသိန်းကိုးသောင်းနီးပါး) သာကျသင့်ပြီး အမြင့်ဆုံး 8/256GB ဆိုရင် တရုတ်ယွမ် ၃၀၀၀ (မြန်မာငွေ ခြောက်သိန်းဝန်းကျင်) သာရှိပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်ကို ဧပြီ ၂၄ ရက်နေ့မှာ အရောက်တင်ပို့ရောင်းချလာမယ်လို့ ဆိုပါတယ်။

Ref – GSM Arena