ဒီနေ့ခေတ်စမတ်ဖုန်းတွေဟာ ထုတ်လုပ်မှုဖြစ်စဉ်မှာ လုံခြုံရေးဆိုင်ရာတိုင်းတာမှုလုပ်ဆောင်ချက်တွေကို တိုးမြှင့်လုပ်ဆောင်ရပါတယ်။ ဒီအတွက် စမတ်ဖုန်းတွေ မတော်တဆ ပေါက်ကွဲပျက်စီးမယ့် အပြစ်အနာအဆာလည်း လျော့နည်းရပါတယ်။ ဒါပေမယ့်လည်း မီးလောက်ပေါက်ကွဲတဲ့ဖြစ်ရပ်တွေကတော့ စမတ်ဖုန်းလောကမှာ တွေ့နေရဆဲ ဖြစ်ပါတယ်။
မီးလောက်ပေါက်ကွဲတဲ့ စမတ်ဖုန်းအကြောင်းပြောရင် Samsung နဲ့ Apple ကိုပဲ အရင်ဆုံး သတိရကြမှာပါ။ အခုတော့ အလားတူဖြစ်ရပ်မျိုးကို Realme အမှတ်တံဆိပ်မှာလည်း တွေ့မြင်လာရပါပြီ။ Realme XT ဟာ ဆိုင်ကနေ ဝယ်ယူပြီး ၂၄ နာရီအကြာမှာ ပေါက်ကွဲတဲ့ဖြစ်ရပ်တစ်ခု အိန္ဒိယမှာ ဖြစ်ပေါ်ခဲ့တာပါ။
91mobiles ရဲ့ဖော်ပြချက်အရ Realme XT ပိုင်ရှင်ဟာ ဝယ်ယူလာပြီးတဲ့နောက် ဟန်းဆက်ကို တရားဝင် Adapter နဲ့ ညပိုင်းအားသွင်းထားရင်း ဘူးခွံထဲမှာပဲ မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့်လည်း Realme India ကတော့ ဒီလိုဖြစ်ရတာဟာ ပြင်ပပယောဂကြောင့် ဖြစ်ရတာလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
တစ်ဘက်ကလည်း Realme XT ပိုင်ရှင် Roshan Singh က ဟန်းဆက်ကို အားသွင်းနေတုန်းမှာ မီးလောင်သွားတာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။ မီးလောင်ထားတဲ့ ဟန်းဆက်ကို ရိုက်ကူးထားတဲ့ဓါတ်ပုံတွေအရ ဒီဖြစ်ရပ်ဟာ ပြင်ပ ပရောဂကြောင့်ပဲ ဖြစ်ရတာလို့ Realme ရဲ့ Service center က ယူဆနေပါတယ်။
ဒီသတင်းကို မီဒီယာတွေက ဖော်ပြနေတဲ့အချိန်အထိ ကုမ္ပဏီဘက်က ပျက်စီးမှုအတွက် တည်ရမည့် ကတိကဝတ်ကို အကောင်အထည်မဖော်သေးဘူးလို့ ဆိုပါတယ်။ မကြာသေးခင်ကလည်း Xiaomi ရဲ့ Redmi Note 7S နဲ့ Redmi Note 6 Pro တွေမှာ အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် Xiaomi ဟာ ပျက်စီးမှုအတွက် တာဝန်ယူဖို့ ငြင်းဆန်ခဲ့ပါတယ်။
Ref: GSM Arena