OnePlus စမတ်ဖုန်းတွေဟာ Google Pixel ပြီးရင် Android Update ကို အစောဆုံးရရှိတတ်တဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။ ပြီးခဲ့ရက်သတ္တပတ်တုန်းကလည်း Android 11 ကို အခြေခံထားတဲ့ OxygenOS 11 Update ကို OnePlus 8 နဲ့ 8 Pro ဖုန်းတွေအတွက် ထုတ်ပေးခဲ့သလို OnePlus 8T ဖုန်းဟာလည်း Android 11 ကိုအခြေခံထားတဲ့ OxygenOS 11 နဲ့ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုလည်း OnePlus ရဲ့ ပြောရေးဆိုခွင့်ရှိသူကနေ မနှစ်တုန်းက OnePlus 7 နဲ့ 7 Pro ဖုန်းတွေအတွက် Android 11 Update ရရှိမယ့်အချိန်ကို တရားဝင်ပြောကြားလိုက်ပါပြီ။ OnePlus ရဲ့ ပြောကြားချက်အရ လာမယ့် ဒီဇင်ဘာလအတွင်းမှာ Android 11 ကိုအခြေခံထားတဲ့ OxygenOS 11 Update ကို ရရှိသွားမှာပဲဖြစ်ပါတယ်။

တစ်ခုထူးဆန်းတာကတော့ OnePlus 7T နဲ့ 7T Pro ဖုန်းတွေအတွက် OxygenOS 11 Update ရရှိမယ့်အချိန်ကိုတော့ ပြောကြားသွားခြင်းမရှိတာပဲဖြစ်ပါတယ်။ OnePlus 7T Series ဖုန်းတွေဟာ OnePlus 7 Series ပြီးမှမိတ်ဆက်ခဲ့တဲ့ဖုန်းတွေဖြစ်တဲ့အတွက် OxygenOS 11 Update ကို ဒီဇင်ဘာလမတိုင်ခင်မှာ Update ရရှိလာမယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ OnePlus ရဲ့ ယခုနှစ်အတွင်းမှာ မိတ်ဆက်ထားခဲ့တဲ့ OnePlus Nord ဖုန်းဟာလည်း အခုအချိန်အထိ Closed Beta အနေနဲ့ပဲ OxygenOS 11 ကို အသုံးပြုနိုင်နေတာဖြစ်ပါတယ်။ အဆိုပါ OnePlus Nord ဖုန်းအတွက် OxygenOS 11 Update ရရှိမယ့်အချိန်ကိုလည်း တရားဝင်ပြောကြားသွားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် OnePlus ရဲ့ OxygenOS 11 Update ဟာ ယခင် OxygenOS Version တွေနဲ့ကွာခြားပြီး User Interface ပိုင်းပြောင်းလဲမှုအများအပြားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ One-hand Usage ကို ဦးစားပေးထားတာဖြစ်တဲ့အတွက် Samsung ရဲ့ OneUI နဲ့ဆင်တူနေတယ်ဆိုပြီး ဝေဖန်မှုတွေခံနေရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း OnePlus အသုံးပြုသူတွေ အမြဲတမ်းတောင်းဆိုနေတဲ့ Always-on Display ကတော့ ပါဝင်လာပြီဖြစ်ပါတယ်။

Ref – Gizmo China