OnePlus 8T ကို လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မယ့်ရက်မတိုင်ခင်မှာ ထပ်ပြီးထွက်လာတဲ့သတင်းက ဒီဟန်းဆက်ရဲ့ ကင်မရာအာရုံခံကိရိယာအကြောင်းနဲ့ အရွယ်အစားအကြောင်းပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းသာ အမှန်ဆိုရင်တော့ OnePlus 8T ဟာ OnePlus 8 ထက် အနည်းငယ်ပိုပြီးထူနေပါလိမ့်မယ်။

OnePlus 8T နဲ့ပတ်သက်တဲ့ သတင်းယိုစိမ့်မှုဟာ Tipster တွေဖြစ်ကြတဲ့ Steve@Onleaks နဲ့ Yogesh@heyitsyogesh တို့ဆီကနေ ထွက်ပေါ်လာတာပါ။ Steve ဖော်ပြထားတဲ့ တွစ်တာပို့စ်အရ OnePlus 8T ဟာ 162.8×75.5×8.4mm အတိုင်းအတာရှိပါတယ်။ အဓိပ္ပါယ်ကတော့ ဟန်းဆက်ဟာ 8.4mm ဝန်းကျင် ထူမယ်လို့ ဆိုနိုင်တာပါ။ ဒါ့အပြင် ကျောဘက်ကင်မရာကိုပါ ထည့်ပေါင်းလိုက်ရင် အထူဟာ 9.3mm အထိ ဖြစ်လာမယ်လို့လည်း ဆိုထားပါသေးတယ်။

အကယ်၍သာ ဒီအချက်အလက်တွေမှန်ခဲ့မယ်ဆိုရင် OnePlus 8T ဟာ OnePlus 8 Pro နဲ့ အတော်လေး ဆင်တူမယ်လို့ ကောက်ချက်ချရနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီကလည်း OnePlus 8 Pro လိုပဲ 4,500mAh ပမာဏဖြစ်ဖွယ်ရှိပါတယ်။ Yogesh ကတော့ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး ခန့်မှန်းချက်ထုတ်ပေးထားတာ ဖြစ်ပါတယ်။

Yogesh ရဲ့ အဆိုအရ OnePlus 8T ဟာ Sony ရဲ့ IMX 586 sensor နဲ့ 48MP ဖြစ်ပြီး aperture ကတော့ f/1.8 နဲ့ 7T လိုမျိုး OIS, EIS တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် 116 degree FOV (Field of View) နဲ့ 16MP f/2.2 ultra-wide sensor လည်း ပါရှိမယ်လို့ ဆိုပါတယ်။ 5MP f/2.4 macro နဲ့ 2MP f/2.4 depth sensor တွေလည်း ပါဝင်နေဦးမယ်လို့ ယူဆရပါတယ်။

အခုဖော်ပြထားတဲ့ အချက်အလက်တွေဟာ ကုမ္ပဏီကတရားဝင်အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း 7T လိုမျိုးပဲ Sony ရဲ့ IMX 471 နဲ့ 16MP selfie ကင်မရာလည်း ပါဝင်နေဦးမယ်လို့ သိရပါတယ်။ OnePlus 8T ဟာ 6.55-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 120Hz refresh rate ဖြစ်သလို Snapdragon 865 SoC, 12GB of RAM, Storage 128/256GB တို့ပါဝင်မယ်လို့ သိရပါတယ်။

Ref: Gizmochina