OpenAI က Sora AI ကို ကြေညာလိုက်ပြီး စာရိုက်ထည့်လိုက်တာနဲ့ ဗီဒီယို ဖန်တီးပေးနိုင်ပါတယ်။ ChatGPT ကို ဖန်တီးထားတဲ့ OpenAI ရဲ့ နောက်ဆုံးထုတ် AI Model ဟာ Resolution နဲ့ Aspect Ratio မျိုးစုံရှိတဲ့ ဗီဒီယိုတွေကို ဖန်တီးပေးနိုင်ပါတယ်။

ဒါ့အပြင် ရှိပြီးသား ဗီဒီယိုတွေရဲ့ ရှုခင်း၊ အလင်းနဲ့ ရိုက်ကူးထားတဲ့ စတိုင်တွေကို စာရိုက်ထည့်လိုက်တာနဲ့ ပြောင်းလဲပေးနိုင်ပါတယ်။ Sora ဟာ ရုပ်သေ ဓါတ်ပုံတွေကနေလည်း ဗီဒီယို ဖန်တီးပေးနိုင်ပြီး ရှိပြီးသား ဗီဒီယိုတွေမှာ လိုအပ်တဲ့ ဖရိမ်တွေ ထည့်သွင်းပေးကာ ဗီဒီယိုတွေကို ရှည်လျားအောင် လုပ်ပေးနိုင်ပါတယ်။

OpenAI က Sora ဟာ ၁ မိနစ်ကြာ Full HD ဗီဒီယိုကို လက်ရှိမှာ ဖန်တီးပေးနိုင်တယ်လို့ ပြောပြီး Sora ဖန်တီးထားတဲ့ နမူနာ ဗီဒီယိုဟာ တော်တော် ကောင်းပါတယ်။ https://openai.com/sora မှာ နမူနာ ဗီဒီယိုတွေကို လေ့လာနိုင်ပါတယ်။

OpenAI က “ Sora ဟာ လူများစွာ ပါတဲ့ ရှုပ်ထွေးတဲ့ ရှုခင်းတွေကို ဖန်တီးပေးနိုင်ပြီး Subject တွေရဲ့ တိကျတဲ့ အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းပေးနိုင်ပါတယ်။ User က တောင်းဆိုတာကို နားလည်ရုံသာမက လက်တွေ့ ကမ္ဘာမှာ အဲဒီ အရာဝတ္ထုတွေ တည်ရှိပုံကိုလည်း သိနိုင်ပါတယ်။ “ လို့ ဖော်ပြထားပါတယ်။

OpenAI က Sora ကို အများပြည်သူ အသုံးပြုလို့ရအောင် မဖြန့်ချိသေးဘဲ အန္တရာယ်ရှိနိုင်သလားဆိုတာကို ကျွမ်းကျင်သူတွေနဲ့ စမ်းသပ်နေပါတယ်။

Ref : gsmarena