OpenAI ဟာ X နဲ့ တူတဲ့ လူမှုကွန်ရက်ကို ဖန်တီးနေတယ်လို့ The Verge က ပြောပါတယ်။ OpenAI က ChatGPT ရဲ့ Image Generation ကို အသားပေးထားတဲ့ Social Feed တစ်ခုကို ဖန်တီးထားတယ်လို့ သိရပါတယ်။
OpenAI CEO Sam Altman က အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး အပြင်လူတွေရဲ့သဘောထားကို အရင်က မေးမြန်းခဲ့တယ်လို့ The Verge က ပြောပါတယ်။ ကုမ္ပဏီဟာ လူမှုကွန်ရက်ကို သီးခြား App အနေနဲ့ထုတ်မလား ChatGPT မှာ ထည့်သွင်းမလားဆိုတာ မသိရသေးပါဘူး။
OpenAI ဟာ လူမှုကွန်ရက်ကို တည်ထောင်ရင် X ရဲ့ ပိုင်ရှင် Elon Musk နဲ့ တင်းမာမှု ပိုမြင့်မားလာမှာ ဖြစ်ပါတယ်။ Musk ဟာ OpenAI ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အဲဒီကနေ ထွက်ခွာခဲ့ပါတယ်။ အဲဒီနောက်မှာ OpenAI ရဲ့ ChatGPT AI ဟာ နာမည်ကြီးလာတာ ဖြစ်ပါတယ်။
Musk နဲ့ Altman တို့ရဲ့ တင်းမာမှုဟာ ပြီးခဲ့တဲ့လတွေအတွင်း တင်းမာခဲ့ပါတယ်။ Musk ဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံသူ အဖွဲ့က OpenAI ကို ထိန်းချုပ်ဖို့ ဖေဖော်ဝါရီလတုန်းက ဒေါ်လာ ၉၇.၄ ဘီလီယမ်နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် Altman က ငြင်းပယ်ခဲ့ပါတယ်။
OpenAI ရဲ့ မူလရည်မှန်းချက် ဖြစ်တဲ့ လူသားတွေအကျိုးရှိအောင် AI ကို ဖန်တီးမယ်ဆိုတဲ့ လမ်းကြောင်းကနေ သွေဖယ်ပြီး စီးပွားရှာတယ်ဆိုပြီး Musk က ပြီးခဲ့တဲ့နှစ်မှာ OpenAI နဲ့ Altman ကို တရားစွဲခဲ့ပါတယ်။
OpenAI ဟာ X ကို ယှဉ်ပြိုင်မယ့် လူမှုကွန်ရက်ကို တကယ် ဖန်တီးမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Ref: Reuters