OPPO Ace2 ရဲ့ Teaser တွေထွက်ပေါ်လာပြီးတဲ့နောက် မျက်နှာပြင်အကြောင်းကို အတော်လေး သိလိုက်ရပါတယ်။ အချိန်ကာလအားဖြင့် တစ်လနီးပါးလောက် ပေါက်ကြားမှုတွေ ဖြစ်ခဲ့ပြီး၊ အခုနောက်ဆုံးမှာတော့ တရားဝင်ပုံရိပ်တွေ ထွက်လာပါပြီ။ အချက်အလက်တွေလည်း အစုံနီးပါးသိလာရပါပြီ။

OPPO Ace2 ရဲ့ မျက်နှာပြင်ဟာ 90Hz refresh rate နဲ့ ဖြစ်တယ်ဆိုတာတော့ သိပြီးဖြစ်မှာပါ။ ဒါ့အပြင် 65W အားသွင်းစနစ်လည်း ပါဝင်ပါတယ်။ Chipset ပိုင်းမှာတော့ Snapdragon 865 ကိုသုံးထားတာဖြစ်တဲ့အတွက် 5G ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ ပြီးတော့ ကြိုးမဲ့အားသွင်းစနစ်ကလည်း 40W ဆိုတော့ အတော်လေးကို မြန်နေပါပြီ။

မျက်နှာပြင်အရွယ်အစားကတော့ 6.5-inch OLED ဖြစ်ပြီး FHD+ resolution နဲ့ပါ။ 108Hz touch sampling rate လည်းဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ သတင်းမှာဖော်ပြခဲ့ပါသေးတယ်။ မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာတော့ Punch-hole နဲ့အတူ 16MP selfie camera တစ်လုံး ပါဝင်မှာပါ။

ကျောဘက်ကင်မရာတွေကို စက်ဝိုင်းပုံစံကင်မရာအိမ်တည်ဆောက်မှုနဲ့ပြုလုပ်ထားပြီး ကင်မရာလေးလုံးမှာ 48MP အဓိက ကင်မရာ ဖြစ်ပါတယ်။ 8MP ultrawide နဲ့ 2MP “Portrait cameras” နှစ်လုံးလည်း ပါဝင်ပါတယ်။ SD865 နဲ့ တွဲပေးထားတာက 8/12GB RAM တွေဖြစ်ပြီး LPPDR5 အမျိုးအစားနဲ့ 128/256 UFS3.0 သိုလှောင်မှုပမာဏတွေ ဖြစ်ပါတယ်။

ဘက်ထရီပမာဏက 4,000mAh ဖြစ်ပြီး အားသွင်းစနစ်တွေကတော့ အထက်မှာပြောခဲ့သလိုပဲ 65W SuperVOOC 2.0 အမြန်အားသွင်းစနစ်၊ AirVOOC charger နဲ့ တွဲသုံးနိုင်တဲ့ 40W ကြိုးမဲ့အားသွင်းစနစ် တွေပဲ ဖြစ်ပါတယ်။ OPPO ကတော့ ၅၆ မိနစ်နဲ့ အားအပြည့်သွင်းနိုင်တယ်လို့ အခိုင်အမာပြောပါတယ်။

Android 10 အခြေခံထားတဲ့ ColorOS 7.1 နဲ့ ထွက်လာမှာဖြစ်ပြီး Wi-Fi 6 နဲ့ NFC၊ ပြီးတော့ 10W reverse wireless charging စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 8/128GB ကို $565 (၈ သိန်းဝန်းကျင်) ဖြစ်ပြီး၊ 8/256GB ကတော့ $625 (၈ သိန်း ၈သောင်းဝန်းကျင်) ဖြစ်ပါတယ်။ 12/256GB ဆိုရင်တော့ $650 (၉ သိန်း ၂ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ Pre-order က စတင်နေပြီဖြစ်ပြီး၊ ဧပြီလ ၂၀ ရက်နေ့မှာ နိုင်ငံတကာဈေးကွက်ထဲ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSM Arena