OPPO Ace2 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ အတော်လေးကို စုံစုံလင်လင်သိပြီးကြပြီဖြစ်မှာပါ။ အခုထွက်ပေါ်လာတာက ကုမ္ပဏီဘက်ကနေ တရားဝင်ထုတ်ပေးလိုက်တဲ့ Teaser ဗီဒီယိုပဲဖြစ်ပါတယ်။ Teaser ဗီဒီယိုတွေဟာ မိတ်ဆက်မယ့် Device ရဲ့ အသေးစိတ်အချက်အလက်ထက် အားသာချက်အချို့ကိုပဲ ပြသတာပါ။

အခုအချိန်မှာတော့ Teaser ဗီဒီယိုဟာ တရားဝင်ထွက်လာတဲ့အချက်အလက်အဖြစ်ပဲ ကြည့်ရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ OPPO Ace2 နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ သိပြီးဖြစ်သလို၊ တိကျသေချာတဲ့ရုပ်ပုံတွေလည်း မြင်ခဲ့ရပြီးဖြစ်လို့ပါပဲ။ အခုထွက်လာတဲ့ ဗီဒီယိုကတော့ Ace2 ရဲ့ မျက်နှာပြင်ပိုင်းဆိုင်ရာကို အသားပေးဖော်ပြထားတာပါ။

Ace2 ရဲ့ မျက်နှာပြင်ဟာ 90Hz refresh rate, 180Hz touch input sampling rate ဖြစ်ပါတယ်။ အရောင်တိကျမှုပိုင်းကတော့ အထင်ကြီးလောက်စရာလို့ ဆိုနိုင်ပါတယ်။DCI-P3 color space ရဲ့ 96.3% ကို Cover ဖြစ်ပြီး DeltaE ဟာ ၃ဆ နိမ့်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ အမြင်အာရုံထိခိုက်မှုကို တတ်နိုင်သမျှလျှော့ချပေးထားနိုင်တယ်လို့ ပြောနိုင်တဲ့အချက်ပါပဲ။ 460nm ဖြစ်တဲ့အတွက် အပြာရောင်အလင်းကြောင့် မျက်စိညောင်းညာမှုကို အထိုက်လျောက်တော့ လျှော့ချပေးနိုင်မှာပါ။

ထွက်ခဲ့ပြီးသား ဓါတ်ပုံတွေအရဆိုရင်တော့ Ace2 ဟာ FullHD+ resolution, 6.5-inch AMOLED မျက်နှာပြင်နဲ့ ဖြစ်တာကို တွေ့ရမှာပါ။ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့ဖြစ်ပြီး 16MP selfie ကင်မရာတပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ စက်ဝိုင်းပုံကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ 48MP အဓိကကင်မရာ၊ 8MP+2MP+2MP ကင်မရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အတွင်းအစိတ်အပိုင်းအချက်အလက်အနေနဲ့ Snapdragon 865 chipset ကို 8GB ဒါမှမဟုတ် 12GB RAM နဲ့ တွဲဖက်ပေးထားမှာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကလည်း 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်စရာ ရှိပါတယ်။ ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး AirVOOC dock သစ်နဲ့ 40W ကြိုးမဲ့အားသွင်းစနစ်လည်း ထောက်ပံ့ထားပါတယ်။ ကြိုးနဲ့ကတော့ 65W ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $620 (မြန်မာငွေ ၇ သိန်း ၈ သောင်းဝန်းကျင်) လို့ သိရပါတယ်။

Ref: GSM Arena