၂၀၂၀ ခုနှစ်ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် ရောင်းအားသိသိသာသာကို ကျဆင်းတဲ့နှစ်တစ်နှစ်လို့တောင် ပြောလို့ရပါတယ်။ ဒါကလည်း 5G ဖုန်းတွေစျေးပိုသက်သာလာပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် စမတ်ဖုန်းထုတ်လုပ်မှုတွေဆောင်ရွက်နေတဲ့စက်ရုံတွေအပြင် အရောင်းဆိုင်တွေပါ ပိတ်သိမ်းထားရတာကြောင့်ဖြစ်ပါတယ်။

အခုလည်း Market Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ Trustdata ကနေ ယခုနှစ် ၂၀၂၀ ရဲ့ ပထမဆုံး ၃ လပတ်အတွက် တရုတ်နိုင်ငံတွင်း စမတ်ဖုန်းစျေးကွက်အခြေအနေ Report ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Report အရ OPPO ကနေ စမတ်ဖုန်းစျေးကွက်ရဲ့ ၂၁.၄ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။

ဒုတိယနေရာမှာတော့ Vivo ကနေ ၂၀.၅ ရာခိုင်နှုန်းနဲ့ ကပ်လိုက်နေပြီး တတိယနေရာမှာတော့ Huawei ကနေ ၂၀.၂ ရာခိုင်နှုန်းနဲ့ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Xiaomi က ၁၀.၃ ရာခိုင်နှုန်းနဲ့ စတုတ္ထ၊ Apple က ၁၀.၅ ရာခိုင်နှုန်းကိုယ်စီနဲ့ ရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိပ်ဆုံး ကုမ္ပဏီ ၃ ခုရဲ့ ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်နေတယ်လို့တောင် ပြောရမှာပါ။

ဒါပေမယ့် အဆိုပါ Report ဟာ Huawei စမတ်ဖုန်းတွေရောင်းချရမှုကိုပဲ ထည့်တွက်ထားတာဖြစ်ပြီး Honor ဖုန်းတွေကို သီးသန့်တွက်ချက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Honor ဖုန်းရောင်းချရမှုကို Huawei ကုမ္ပဏီအနေနဲ့ပဲ တွက်ချက်မယ်ဆိုရင် ၂၉.၉ ရာခိုင်နှုန်းနဲ့ Huawei က စျေးကွက်ပထမနေရာကို ရယူထားမှာဖြစ်ပါတယ်။

အခုလိုမျိုး တရုတ်နိုင်ငံတွင်းမှာ စမတ်ဖုန်းရောင်းချရမှုတွေက အပြိုင်အဆိုင်ဖြစ်နေပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက စုစုပေါင်းစမတ်ဖုန်းအလုံးရေ ၂၀.၈ သန်းပဲ ရောင်းချခဲ့ရပြီး မနှစ်ကထက် ၃၈.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဖေဖော်ဝါရီလမှာလည်း စမတ်ဖုန်းအလုံးရေ ၆.၃၄ သန်းပဲရောင်းချနိုင်ခဲ့ပြီး မနှစ်တုန်းက အလုံးရေ ၁၄ သန်းနဲ့ယှဥ်ရင် ၅၄.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားတတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံစျေးကွက်က ပြန်လည်တည်ငြိမ်လာပြီဖြစ်တဲ့အတွက် လာမယ့် ၂၀၂၀ ဒုတိယ ၃ လပတ်မှာတော့ စမတ်ဖုန်းရောင်းအားတွေက အခုထက်ပိုပြီး တိုးတက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China