တရုတ်မှာ မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပွဲမှာ Oppo က သူ့ရဲ့ ခေါက်ဖုန်းအသစ် Find N6 ကို မိတ်ဆက်ရင်း ပြိုင်ဘက် Samsung ရဲ့ Galaxy Z Fold 7 ကို ပွဲကျအောင် လှောင်ပြောင်သွားခဲ့ပါတယ်။ စင်မြင့်ပေါ်မှာတင် Fold 7 ကို တစ်နာရီလောက် ခေါက်ထားပြီး ပြန်ဖြန့်ပြလိုက်တဲ့အခါ အလယ်က ခေါက်ရာကြီးကို အထင်အရှား မြင်လိုက်ရပါတယ်။

အဲဒီနောက် Oppo က သူတို့ရဲ့ Find N6 ကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ မျက်နှာပြင်က အပြစ်ပြောစရာမရှိအောင် ပြန့်ပြူးနေတာကို တွေ့ရပါတယ်။ Oppo ကတော့ သူတို့ရဲ့ ပတ္တာဒီဇိုင်းသစ်နဲ့ Zero-Feel Crease နည်းပညာက ခေါက်ရာတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသွားပါတယ်။ ဒါဟာ ရေရှည်မှာ ခေါက်ရာမထင်အောင် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေနဲ့ မှန်အလွှာတွေကို အထူးစီစဉ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

Oppo Find N6 vs Samsung Galaxy Z Fold 7: Which foldable wins?

Find N6 ဟာ ခေါက်ရာမရှိရုံတင်မကဘဲ စွမ်းဆောင်ရည်ပိုင်းမှာလည်း ဆရာတစ်ဆူပါပဲ။ Snapdragon 8 Elite Gen 5 chip ကို သုံးထားပြီး RAM 16GB နဲ့ Storage 512GB အထိ ပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း 200MP ပင်မဆင်ဆာ၊ 50MP ultrawide နဲ့ telephoto မှန်ဘီလူးတွေ အပြင် မျက်နှာပြင်နှစ်ခုစလုံးအတွက် 20MP ဆဲလ်ဖီကင်မရာတွေ တပ်ဆင်ထားပါတယ်။ ဘက်ထရီက 6000mAh အထိပါဝင်လာပြီး 80W ကြိုးတပ်အားသွင်းစနစ်နဲ့ 50W ကြိုးမဲ့အားသွင်းစနစ်တွေ ပါဝင်တဲ့အပြင် Android 16 အခြေခံ ColorOS 16 ကို အသုံးပြုထားပါတယ်။

ဒီလို စင်မြင့်ပေါ်မှာ ပေါ်တင်ယှဉ်ပြလိုက်တာဟာ Oppo အနေနဲ့ ခေါက်ဖုန်းလောကမှာ သူတို့က ရှေ့တစ်လှမ်းရောက်နေပြီလို့ ကြေညာမောင်းခတ်လိုက်တာပါပဲ။ ဒီနှစ်ထဲမှာ ကောလာဟလထွက်နေတဲ့ ခေါက်နိုင်တဲ့ iPhone အပါအဝင် ခေါက်ဖုန်းဈေးကွက် ယှဉ်ပြိုင်မှုတွေ ပိုပြင်းထန်လာဖို့ရှိနေတာကြောင့် အခုလို ခေါက်ရာပြဿနာ ဖြေရှင်းနိုင်မှုက ရှေ့ဆက်ပြီး အကြိတ်အနယ် ပြောစရာအကြောင်းအရာ တစ်ခုဖြစ်လာတော့မှာ သေချာနေပါတယ်။

Ref : gizmochina