OPPO Reno3 နဲ့ Reno3 Pro ကို ကြေညာပြီးကတည်းက OPPO fan တွေရော၊ မီဒီယာတွေကပါ စိတ်ဝင်စားခဲ့ကြပေမဲ့ တကယ်တမ်းဈေးကွက်ထဲကို ဖြန့်ချိတာကတော့ ၂၀၂၀ မတ်လဆန်းမှ ဖြစ်ပါတယ်။

OPPO Reno3 နဲ့ Reno3 Pro နှစ်မျိုးစလုံးဟာ ဒီဇိုင်းပိုင်းနဲ့ အသုံးပြုထားတဲ့ အစိတ်အပိုင်းအချို့ အနည်းငယ်ကွာခြားတာကလွဲရင် အပြင်ပိုင်းကြည့်ရင်လည်း ရွေးချယ်ရခက်ချင်စရာပါ။ အသေးစိတ်အချက်အလက်ကတော့ ဘယ်အမျိုးအစားက ကိုယ်နဲ့ ပိုပြီးသင့်တော်မယ်ဆိုတာကို ဆက်လက်လေ့လာကြည့်သင့်တယ်လို့ ထင်ပါတယ်။

အရင်ဦးဆုံး ဒီဇိုင်းပိုင်းနဲ့ အရွယ်အစားကို နှိုင်းယှဉ်ကြည့်ရအောင်ပါ။ ပထမဆုံးကြည့်လိုက်တာနဲ့ OPPO Reno3 ဟာ Waterdrop နဲ့ Selfie ကင်မရာတစ်လုံးပဲပါပေမယ့် Reno3 Pro ကတော့ Pill-shape Punch-hole ထဲမှာ Selfie ကင်မရာနှစ်လုံး ပါဝင်တာကို တွေ့ပါလိမ့်မယ်။ စမတ်ဖုန်းနှစ်လုံးရဲ့ အရွယ်အစားချင်းယှဉ်မယ်ဆိုရင်တော့ Height မှာ Reno3 က 160.2mm ဖြစ်ပြီး Reno3 Pro က 158.8mm ဖြစ်တာကို တွေ့ရပါမယ်။ Width ကတော့ 73.3mm နဲ့ 73.4mm ဆိုတော့ အတူတူပဲလို့ ဆိုရမှာပါ။ ဒါပေမဲ့ Thickness မှာတော့ Reno3 က 7.9mm ဖြစ်ပြီး Reno3 Pro က  8.1mm ဖြစ်သလို အလေးချိန်အားဖြင့် Reno3 က 170 Grams ဖြစ်ပြီး Reno3 Pro က 175 Grams ဖြစ်လို့ ခြုံငုံကြည့်ရင် Reno3 က နည်းနည်းပိုပြီး ကျစ်လျစ်တယ်လို့ ခံစားရပါလိမ့်မယ်။

Build Quality ပိုင်းကိုကြည့်ရင် နှစ်မျိုးစလုံးက အရမ်းကြီး ကွာခြားသွားတာမျိူး မရှိလို့ ပြောစရာသိပ်မရှိပါဘူး။ Display Size ချင်း ယှဉ်ရင် 6.4-inch အတူတူပါပဲ။ 1080 x 2400 Pixels (FHD+) ချင်းလည်းတူတော့ Reno3 အနေနဲ့ ရှိသင့်တာထက်ပိုတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် Reno3 မှာ AMOLED Display ကိုပဲ အသုံးပြုထားပြီး Reno3 Pro မှာတော့ Super AMOLED Display ကို အသုံးပြုထားတာဖြစ်ပါတယ်။

ကင်မရာပိုင်းကွာခြားချက်ကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ Reno3 ရဲ့ 44MP Single Selfie ဟာ Reno3 Pro ရဲ့ 44MP + 2MP Dual Selfie ကိုတော့ အမြင်ပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ မမီပါဘူး။ သုံးစွဲရတဲ့ ခံစားချက်၊ အတွေ့အကြုံချင်းလည်း ကွာခြားပါတယ်။ ကျောဘက်မှာတော့ Reno3 က 48MP F1.8 (Main) + 13MP F2.4 (Tele) + 8MP F2.2 (Ultrawide) + 2MP F2.4 (B/W) ကင်မရာလေးလုံးဖြစ်ပြီး Reno3 Pro က 64MP F1.8 (Main) + 13MP F2.4 (Tele) + 8MP F2.2 (Ultrawide) + 2MP (B/W) F2.4 ဖြစ်ပါတယ်။ အဓိက ကင်မရာမှာ 48MP နဲ့ 64MP (5x Hybrid Zoom, 20x Digital Zoom) ဆိုပြီး ကွာခြားသွားတာပါ။ ရလဒ်ပိုင်းလည်း ကွာခြားတယ်ဆိုတာတော့ အထူးတလည် ပြောဖို့လိုမယ် မထင်ပါဘူး။ ဗီဒီယိုရိုက်ကူးမှုမှာ အရေးပါတဲ့ Stabilization ကလည်း အတူတူပါပဲ။

ဘက်ထရီပမာဏကလည်း 4,025mAh ချင်း တူပါတယ်။ ဒါပေမဲ့ Reno3 Pro မှာ 30W VOOC Flash Charge 4.0 ထောက်ပံ့ပေးထားလို့ 20min မှာ 50% အားဝင်ရောက်ပြီး 56min နဲ့ 100% အပြည့် အားသွင်းနိုင်မှာပါ။ Reno3 မှာတော့ 20W VOOC Flash Charge 3.0 ပဲ ထောက်ပံ့ပေးထားတာပါ။ နှစ်မျိုးစလုံးက In-display fingerprint ပါဝင်တာလည်း တူညီပါတယ်။ သတိပြုရမှာကတော့ RAM 8GB ချင်းတူပေမဲ့ Storage ပိုင်းမှာတော့ Reno3 က 128GB အထိပဲ ထောက်ပံ့ပေးထားပြီး Reno3 Pro ကိုတော့ 256GB အထိထောက်ပံ့ပေးထားတော့ နှစ်ဆကွာပါလိမ့်မယ်။

နောက်ထပ်ကွာခြားတာတစ်ခုက Chipset ပိုင်းပါ။ Reno3 က MTK Helio P90 ကို အသုံးပြုထားပြီး Reno3 Pro ကတော့ MediaTek Helio P95 ကို အသုံးပြုထားတာ တွေ့မြင်ရပါလိမ့်မယ်။ ဒီနေရာမှာ ပြောစရာတစ်ခုဖြစ်လာတာက Chipset ပိုင်းပါ။ ဘာဖြစ်လို့ Qualocmm ရဲ့ Snapdragon မသုံးဘဲ MediaTek Heilo P95 ကို သုံးထားတာလဲဆိုတာပါ။ Qualcomm ရဲ့ Chip တွေက အစဉ်အလာရှိတာမှန်ပါတယ်။ ဒါပေမယ့် Helio ကလည်း သူ့လမ်းသူဖောက်ပြီး သူ့ပန်းတိုင်သူလျှောက်မယ့် ရည်ရွယ်ချက် သပ်သပ်ရှိပါတယ်။ Helio တွေရဲ့ ပြောင်းလဲတိုးတက်လာပုံတွေကို G70 တို့ G90T တို့က အကောင်းဆုံးသက်သေပဲလို့ ဆိုနိုင်ပါတယ်။

အနီးစပ်ဆုံး ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ Helio P95 ရဲ့ CPU တည်ဆောက်ပုံနဲ့ Snpadragon 765G ရဲ့ တည်ဆောက်ပုံချင်းမတူပါဘူး။ Helio P95 ရဲ့ CPU က eight-core cluster ပါ။ ဒီထဲက နှစ်ခုက 2.2GHz မြန်နှုန်းနဲ့ဖြစ်ပြီး ARM Cortex A75 ဖြစ်ပါတယ်။ ကျန်တဲ့ ခြောက်ခုက 2.0GHZ မြန်နှုန်းနဲ့ ARM Cortex A55 တွေပါ။ Snapdragon 765G ကတော့ Kryo 475 CPU ကို အခြေခံထားပြီး tri-cluster (1+1+6) ဒီဇိုင်းနဲ့ တည်ဆောက်ထားတာပါ။ Cortex A77 မဟုတ်ပေမဲ့ Kryo Prime Cortex A76 က 2.4GHz မြန်နှုန်းရှိပါတယ်။ နောက်ထပ် Cortex A76 က မြန်နှုန်း 2.2Ghz ဖြစ်ပါတယ်။ ကျန်တဲ့ ခြောက်ခုကတော့ 1.8Ghz မြန်နှုန်းနဲ့ A55 Cores တွေပါ။ ဒီတော့ဘာကွာလဲလို့မေးရင် CPU မြန်နှုန်းချင်းကွာတယ်။ ဒါဆို Helio P95 က ဘာကိုဦးစားပေးတည်ဆောက်ထားတာလဲလို့ ထပ်မေးရင် အဖြေက GPU performance အတွက် ဦးစားပေး တည်ဆောက်ပေးထားတယ်လို့ ဖြေရပါမယ်။ ပြီးတော့ AI processing ပိုင်းဦးစားပေးတာပါ။

Helio P95 ရဲ့ ရည်ရွယ်ချက်က ဖျော်ဖြေမှုပိုင်းမှာ ကောင်းမွန်တဲ့အတွေ့အကြုံရစေဖို့ပါ။ ဒါကြောင့် Reno3 Pro မှာ Portrait ပုံတွေအတွက် Depth processing တွေသိသိသာသာပိုကောင်းလာတာ၊ AR app တွေအတွက် Full-body movent tracking တွေ ပိုပြီးအဆင့်မြင့်လာတာမျိုး တွေ့ရပါတယ်။ နောက်တစ်ခုက HyperEngine Game technology ပိုင်းပါ။ ပြီးခဲ့တဲ့မျိုးဆက် G90T မှာကတည်းက ဂိမ်းမင်းပိုင်းစွမ်းဆောင်ရည်ကို ဦးစားပေးထားတာ သိသာခဲ့ပါတယ်။ P95 မှာတော့ Intelligent Imaging, Super Captures စတာတွေ ပိုကောင်းလာပါတယ်။ ထင်သာမြင်သာတဲ့ ကိန်းဂဏန်းနဲ့ပြောရင် GPU frequency မှာ 55% ပိုသာတာပါ။ ဒီတော့ Helio တွေရဲ့ရည်ရွယ်ချက်က AI စွမ်းဆောင်ရည်ပိုကောင်းတော့ သုံးရတာ ပိုပြီး Smart ဖြစ်လာစေဖို့ပါ။

စျေးနှုန်းမှာတော့ Reno3 Pro က ၆၂၉,၉၀၀ ကျပ်ဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာ Cashback အဖြစ် ငွေကျပ် ၃၀,၀၀၀ လျှော့ပေးထားတဲ့အတွက် Reno3 Pro ရဲ့ လက်ရှိစျေးက ၅၉၉,၉၀၀ ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ Reno3 ရဲ့ စျေးနှုန်းကတော့ ၄၉၉,၉၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

Conclusion အနေနဲ့ ပြန်ချူပ်ရမယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ကျစ်ကျစ်လစ်လစ်ရှိတဲ့ Reno3 က ဖုန်းဝယ်ဖို့ ၅သိန်းအောက်ပဲ သုံးချင်သူတွေအတွက် အဆင်ပြေမှာပါ။ Reno3 Pro ကတော့ Reno3 ထက် ပိုကောင်းတဲ့ Display, Processor, Camera နဲ့ 30W အမြန်အားသွင်းစနစ်တွေ ပါဝင်တဲ့အတွက် ဖုန်းဝယ်ဖို့ စဥ်းစားနေသူများ ထည့်သွင်းစဥ်းစားသင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။