ဒီနှစ်အစောပိုင်းအချိန်တုန်းက OnePlus ဟာ ကင်မရာမှန်ဘီလူးကို Electrochromic နဲ့ ဖုံးကွယ်ထားတဲ့ Concept One ကို ပြသခဲ့ပါတယ်။ ဖုန်းသုံးရုံပဲဆိုရင် ကင်မရာတွေကိုမမြင်ရအောင် ဖုံးကွယ်ထားပေမယ့် ကင်မရာ အသုံးပြုတော့မယ်ဆိုရင်တော့ Electrochromic ဟာ ဖောက်ထွင်းမြင်ရတဲ့ အနေအထားကို ပြောင်းလဲသွားတာပါ။

ကင်မရာတွေကို ဖုံးကွယ်ထားတဲ့ဒီဇိုင်းဟာ အနာဂတ်စမတ်ဖုန်းတွေမှာ ခေတ်စားလာမယ်ဆိုတာကို OnePlus ကလည်း ယုံကြည်လက်ခံထားပါတယ်။ ဒါကြောင့် OnePlus အနေနဲ့ ကင်မရာတွေ ဖုံးကွယ်ထားတဲ့ဒီဇိုင်းအမျိုးမျိုးကို မူပိုင်ခွင့်တင်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် အနာဂတ် Invisible camera smartphone trend မှာ Oneplus ရဲ့ ဟန်းဆက်အမျိုးမျိုးကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။

OnePlus က ဒီမူပိုင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက တင်သွင်းခဲ့တာဖြစ်ပါတယ်။ အတည်ပြုပြီး အများပြည်သူကိုဖော်ပြခြင်းခံရတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကမှပါ။ OnePlus ကတင်ထားတဲ့ ဒီဇိုင်းတွေက အမျိုးအစားစုံပါတယ်။ ဒီထဲမှာ Selfie ကင်မရာကိုပါ ဖုံးကွယ်ထားတယ်လို့ယူဆရတဲ့ ဒီဇိုင်းလည်း ပါဝင်နေပါတယ်။

မူပိုင်ခွင့်ဒီဇိုင်းအရ Invisible camera ဆိုတာထက် Hiding camera လို့ပြောရင် ပိုနီးစပ်မယ်ထင်ပါတယ်။ Notch တို့၊ Punch-hole တို့မပါဝင်ဘဲ မျက်နှာပြင်အောက်မှာပဲ Selfie ကင်မရာကို ဖုံးကွယ်မြှုပ်နှံထားတာမျိုးလည်း ပါဝင်နိုင်ဖွယ်ရှိတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အဓိက ကင်မရာမော်ဂျူးနဲ့ပေါင်းထားတဲ့ ဒီဇိုင်းဟာ Selfie ကင်မရာအတွက်ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။

ဒါတင်မကသေးဘဲ Hiding camera တိုင်းရဲ့ အဓိကမော်ဂျူးတိုင်းကို Electrochromic glass အသုံးမပြုဘူးလို့ သိရပါတယ်။ အကြောင်းက အရမ်းဈေးကြီးတာကြောင့်ဖြစ်ပြီး သူ့အစား Mechanical plastic cover ပဲ သုံးဖို့ ရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။ ပုံမှန်ကင်မရာတွေအတိုင်း မှန်ဘီလူးတွေကို ကာကွယ်ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ ကင်မရာ App ကို ဖွင့်လိုက်မှသာ အကာ Flap တွေက ပွင့်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဈေးသက်သာတဲ့ Hiding Camera Smartphone ဖြစ်ဖို့ ရည်ရွယ်ပုံရပါတယ်။

Ref: Phone Arena