Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက နောက်ကျောဘက်အထိ Display ကို တပ်ဆင်ထားတဲ့ Mi Mix Alpha စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ စမတ်ဖုန်းဟာ Prototype အနေနဲ့ပဲ ရှိနေခဲ့တာဖြစ်ပြီး စျေးကွက်အတွင်းမှာ အမြောက်အများရောင်းချခဲ့ခြင်းမရှိပါဘူး။

အခုအချိန်မှာတော့ Huawei ကနေ အလားတူ Display ကို နောက်ကျောဘက်အထိ ပါဝင်မယ့် Wrap-around Display နဲ့ စမတ်ဖုန်း Design ကို မူပိုင်ခွင့်ရယူလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို LetsGoDigital ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဘယ်အချိန်မှာ မိတ်ဆက်နိုင်မလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

Huawei ဟာ လက်ရှိအချိန်မှာ Foldable ဖုန်းတွေဖြစ်တဲ့ Huawei Mate X နဲ့ Mate Xs စမတ်ဖုန်းတွေကိုလည်း အလားတူ အပြင်ဘက်ကနေ ခေါက်ချိုးနိုင်တဲ့ Design နဲ့ ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Design က Foldable မဖြစ်တာကလွဲရင် Huawei Mate X ဖုန်းတွေနဲ့တောင် ဆင်တူနေပါသေးတယ်။ Camera Setup ကလည်း Mate X ဖုန်းတွေလိုမျိုးပဲ ဖုန်းရဲ့ နောက်ကျောဘက် ဘေးဘက်ခြမ်းမှာတပ်ဆင်ထားတာကို တွေ့ရပါတယ်။

Huawei ဟာ ယခုနှစ်ကုန်ပိုင်းမှာ Huawei Mate X2 နာမည်နဲ့ Foldable ဖုန်းအသစ်ကို မိတ်ဆက်ဖို့ရှိနေတဲ့အပြင် Samsung Galaxy Z Flip ကို ယှဥ်ပြိုင်ဖို့အတွက် Flip Foldable ဖုန်းအသစ်ကိုလည်း ထုတ်လုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုလိုမျိုး Mi Mix Alpha ပုံစံ Design နဲ့ ဖုန်းအသစ်ကို မိတ်ဆက်ဖို့က အချိန်တစ်ခုစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Android Authority