Reddit အသုံးပြုသူတစ်ယောက်က သူ့ရဲ့ Google Pixel 6a စမတ်ဖုန်း အားသွင်းထားချိန်မှာ မီးလောင်ပေါက်ကွဲခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မျှဝေခဲ့ပြီးတဲ့နောက်မှာ သက်တမ်းကြာနေပြီဖြစ်တဲ့ Pixel 6a ဖုန်းတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထပ်မံပေါ်ပေါက်လာပါတယ်။

Pixel 6a catches fire

သူရဲ့ ပြောကြားချက်အရ ဖုန်းဟာ သူ့ခေါင်းနဲ့ ၄၀ စင်တီမီတာအကွာ အိပ်ယာဘေးစားပွဲပေါ်မှာ ရှိနေတုန်း ရုတ်တရက် အသံကျယ်နဲ့ ပေါက်ကွဲပြီး မီးခိုးနံ့တွေ ထွက်လာခဲ့တာလို့ ဆိုပါတယ်။ မီးဟာ အနီးအနားက အိပ်ယာခင်းကိုပါ လောင်ကျွမ်းခဲ့ပြီး အခန်းတံခါးပိတ်ထားတဲ့အတွက် အသုံးပြုသူက မီးခိုးတွေရှူမိပြီး လည်ချောင်းနာတာလိုမျိုး ဝေဒနာတွေ တစ်နေကုန် ခံစားခဲ့ရတယ်လို့ ရေးသားထားပါတယ်။

အဲဒီအဖြစ်အပျက်ဟာ ဇူလိုင်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးပိုမပြန့်အောင် ဖုန်းကို အားသွင်းကြိုးကနေဆွဲပြီး ကြွေပြားခင်းပေါ် လွှင့်ပစ်ခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ ဖုန်းနဲ့ အနီးက လေအေးပေးစက်မှာ အပူကြောင့်ဖြစ်တဲ့ အရာတွေကျန်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း သူက မျှဝေခဲ့ပါတယ်။

Pixel 6a catches fire

Google ရဲ့ ဘက်ထရီ update နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုများ

Google ဟာ အရင်က Pixel 6a ဖုန်းတွေအတွက် မဖြစ်မနေထည့်သွင်းရမယ့် software update တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ update က အားသွင်းအကြိမ် ၄၀၀ ကျော်သွားတဲ့ ဖုန်းတွေရဲ့ ဘက်ထရီစွမ်းဆောင်ရည်ကို ကန့်သတ်ပြီး အပူလွန်ကဲတာနဲ့ မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ အားသွင်းအကြိမ် ၃၇၅ ကျော်တဲ့ ဖုန်းတွေမှာ သတိပေးချက်ပေါ်လာပြီး ဘက်ထရီ အခမဲ့ လဲလှယ်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ အသုံးပြုသူတချို့က အဲဒီ update ကြောင့် အခြေအနေတွေ ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။ လူမှုကွန်ရက်သုံးသူတစ်ယောက်က သူ့ဖုန်းဟာ update မထည့်ခင်က အပူပိုင်းဆိုင်ရာ ပြဿနာမရှိခဲ့ပေမယ့် update ပြီးနောက်မှာတော့ ဖုန်းအရမ်းပူလာတယ်လို့ ဆိုပါတယ်။

အခုမီးလောင်မှုဟာ လတ်တလောလတွေအတွင်း အွန်လိုင်းမှာ တက်လာတဲ့ တတိယမြောက်အဖြစ်အပျက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလမှာလည်း Pixel 6a တစ်လုံး ဘက်ထရီယောင်လာရာကနေ ပေါက်ကွဲခဲ့ပါတယ်။ Google ဘက်ကတော့ ဒီအဖြစ်အပျက်အသစ်နဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

လောလောဆယ်မှာ Pixel 6a ဖုန်းတွေကို ဆက်လက်ကိုင်ဆောင်ထားဆဲ အသုံးပြုသူတွေအတွက် အကြံပေးချက်ကတော့ ရှင်းပါတယ်- သင့်ဖုန်းမှာ ပုံမှန်မဟုတ်တဲ့ အပူချိန်၊ ဘက်ထရီယောင်လာတာ ဒါမှမဟုတ် ဘက်ထရီကုန်မြန်တာတွေ တွေ့နေရရင် မစောင့်ပါနဲ့။ ဘက်ထရီအသစ်လဲတာ ဒါမှမဟုတ် ဖုန်းကို ဆက်မသုံးတော့တာမျိုး ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။

Ref : Gizmochina