Google ဟာ ယခုနှစ်အတွက် Google I/O Event ကို လာမယ့် မေလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး Android 13 OS အသစ်အပြင် တခြားသော Software Feature အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Software ပိုင်း Feature အသစ်တွေကို မိတ်ဆက်မယ့်အပြင် Pixel 6a လိုမျိုး ဖုန်းတွေကိုပါ မိတ်ဆက်မယ်ဆိုပြီး သတင်းထွက်ပေါ်ထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Jon Prosser ကနေ Pixel 6a ဖုန်းကို မိတ်ဆက်မယ့်အချိန်နဲ့ ရောင်းချမယ့်အချိန်အသေးစိတ်ကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။

Jon Prosser ရဲ့ ပြောကြားချက်အရတော့ Google ဟာ I/O Event မှာ Pixel 6a ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး စျေးကွက်အများအပြားကို လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ Pixel 6a ဖုန်းအပြင် Google ရဲ့ ပထမဆုံး Smartwatch ဖြစ်လာမယ့် Pixel Watch ကိုပါ Teaser အနေနဲ့ ပြသသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် Pixel Smartwatch ကို တရားဝင်မိတ်ဆက်ရောင်းချသွားမှာကတော့ လာမယ့် ၂၀၂၂ ခုနှစ် အောက်တိုဘာမှာဖြစ်ပြီး Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေနဲ့အတူမိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Google Pixel 6a ဖုန်းဟာ မနှစ်တုန်းက Pixel 6 Series ဖုန်းတွေမှာ မိတ်ဆက်ခဲ့တဲ့ Google ရဲ့ ကိုယ်ပိုင် Tensor Chip ကိုပဲ အသုံးပြုသွားမှာဖြစ်ပြီး 12.2MP Sony IMX363 Primary Sensor နဲ့ 12MP Sony IMX355 Ultrawide Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Ref – GSM Arena