Google ဟာ လက်ရှိအချိန်မှာ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုထားတဲ့ Pixel 6 ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ကိုယ်ပိုင် Pixel Smartwatch အသစ်ကိုပါ မိတ်ဆက်သွားဖို့များနေတယ်ဆိုပြီး သတင်းတွေထွက်ရှိနေပြီဖြစ်ပါတယ်။

အခုလည်း Pixel Watch နဲ့သက်ဆိုင်တဲ့သတင်းတစ်ခုက ထပ်မံထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါကတော့ Google Pixel Smartwatch ရဲ့ Chipset ဟာ Samsung Exynos ကနေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Samsung Exynos Chipset ကို အသုံးပြုလာမယ်ဆိုပေမယ့် လက်ရှိ Samsung Smartwatch တွေမှာ အသုံးပြုနေတဲ့ Chipset ပဲဖြစ်လာမလား၊ ဒါမှမဟုတ် Google အတွက် သီးသန့်ထုတ်ပေးထားတာလားဆိုတာကိုတော့ မသိရသေးပါဘူး။

နောက်ထပ် Pixel Watch မှာပဲ ပါဝင်လာမယ့် Feature တစ်ခုကတော့ Pixel ဖုန်းတွေမှာပဲ ရရှိနိုင်တဲ့ Next Gen Google Assistant ပဲဖြစ်ပါတယ်။ Pixel ဖုန်းတွေမှာတော့ အဆိုပါ Next Gen Google Assistant ဟာ သာမန် Google Assistant ကို အသုံးပြုရတာထက် ပိုမိုမြန်ဆန်တဲ့အပြင် Device ကိုလည်း အမြောက်အမျာထိန်းချုပ်မှုတွေ ပြုလုပ်နိုင်တာကြောင့် တော်တော်လေးကို အဆင်ပြေစေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Pixel Watch မှာ Next Gen Google Assistant ကို အသုံးပြုလို့ရလာမယ်ဆိုရင် တခြားသော Smartwatch တွေထက် Assistant ပိုင်းမှာ ပိုကောင်းလာမှာဖြစ်ပါတယ်။

အခုလိုမျိုး သတင်းတွေထွက်ပေါ်လာပေမယ့်လည်း Google Pixel Watch ကို ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်လာမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ လာမယ့် ၂၀၂၂ နှစ်ကုန်ပိုင်းမှပဲ Pixel 7 ဖုန်းတွေနဲ့အတူ မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

Ref – 9to5Google