Googleက ဖုန်းဘက်ထရီ အလွန်အကျွံ စားတဲ့ အန်းဒရွိုက် အက်ပ်တွေနဲ့ ပတ်သက်ပြီး အသုံးပြုသူတွေကို သတိပေးဖို့ Play Store မှာ သတိပေးစနစ်သစ် တစ်ခုကို တရားဝင် စတင်လိုက်ပါတယ်။ ဖုန်းစွမ်းဆောင်ရည် ပိုကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ကြေညာခဲ့တဲ့ မူဝါဒအသစ်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။
အဲဒီစနစ်ဟာ အသုံးမပြုဘဲ ထားချိန်မှာတောင် နောက်ကွယ်ကနေ အလုပ်လုပ်နေပြီး ဘက်ထရီစားနေတဲ့ အက်ပ်တွေကို ဖော်ထုတ်သတ်မှတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။

Googleရဲ့ အဆိုအရ ဖုန်းစခရင် ပိတ်ထားချိန်မှာတောင် CPU ကို အနားမပေးဘဲ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ အက်ပ်တွေကို တွေ့ရင် high battery usage (ဘက်ထရီ အလွန်အကျွံ အသုံးပြုမှု) ဆိုတဲ့ သတိပေးချက် ပေါ်လာမှာ ဖြစ်ပါတယ်။
ဒါဟာ ဖုန်းဘက်ထရီကို အလကား ကုန်ဆုံးစေပြီး ဖုန်းသက်တမ်းကို တိုစေပါတယ်။ ဒါကြောင့် Google ဟာ အက်ပ်တွေကို ဒေါင်းလုဒ် မလုပ်ခင်မှာ အသုံးပြုသူတွေ ကြိုသိအောင် ပွင့်လင်းမြင်သာမှု ရှိရှိ ချပြပေးတာ ဖြစ်ပြီး အက်ပ်ကို သေချာ မရေးဆွဲထားတဲ့ Developer တွေကို တိုက်ရိုက် အရေးယူလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီလို မြင်သာတဲ့ သတိပေးချက်တွေ အပြင် Google ဟာ Play Store ထဲက သေချာ မရေးဆွဲထားတဲ့ အက်ပ်တွေကိုလည်း အပြစ်ပေး အရေးယူနေပါတယ်။ ဘက်ထရီ အလွန်အကျွံ စားတယ်လို့ သတ်မှတ်ခံရတဲ့ အက်ပ်တွေဟာ Play Store မှာ ရှာဖွေရ ခက်ခဲသွားမှာ ဖြစ်ပြီး အကြံပြုထားတဲ့ စာရင်းတွေနဲ့ Top (ထိပ်တန်း) စာရင်းတွေထဲကနေ ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။
အခုလို လုပ်ဆောင်တာဟာ အန်းဒရွိုက် စနစ်တစ်ခုလုံးမှာ ဘက်ထရီ စွမ်းဆောင်ရည် ပိုကောင်းလာစေဖို့ Google ရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖုန်းစွမ်းဆောင်ရည်နဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းလာစေဖို့ သူတို့ရဲ့ အက်ပ်တွေကို ပိုမိုကောင်းမွန်အောင် ရေးဆွဲဖို့ Developer တွေကို တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။
Ref: Bangkokpost