Android မှာ Emulator ရဲ့ အကူအညီနဲ့အတူ ကြိုက်နှစ်သက်တဲ့ Console Game တွေကို ကစားနိုင်တာကတော့ ဂိမ်းချစ်သူတွေအတွက် ပျော်ရွှင်စရာ ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အတိတ်က ဂိမ်းတချို့နဲ့ ဂန္ဒဝင်ဂိမ်းတွေကို ပြန်လည်တူးဆွပြီး ကစားချင်သူတွေအတွက်တော့ အမြဲတမ်းလိုလို အဆင်ပြေမနေပါဘူး။

PalyStation Vita ဂိမ်းတွေကို ကစားနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲဆိုသူတွေအတွက် မကြာမီ လာမည် မျှော်လို့ပဲ ပြောလိုက်ချင်ပါတယ်။ အကြောင်းကတော့ လာမဲ့ရက်ပိုင်းအတွင်း Android port အတွက် Vita3K ကို ကြေညာတော့မှာပါ။ ဒါကို Install လုပ်ထားလိုက်ရင်တော့ PlayStation Vita ဂိမ်းတွေကို အခမဲ့ Download ပြုလုပ်ပြီး ဆော့ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

Developer Macdu ဟာ Discord channel က ပရောဂျက်ထွက်ရှိမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Vita3K ကို Play Store မှာတော့ ရရှိဦးမှာ မဟုတ်ပါဘူး။ အဲဒီအစား APK file နဲ့အတူ နောက်ဆက်တွဲ Update တွေကို Discord channel ကနေ ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်သတင်းကောင်းကတော့ Sony PlayStation Vita Emulator ဟာ အရမ်းကြီး ပါဝါတောင်းဆိုတာမျိုး မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။

Emulator အတွက် အနည်းဆုံး လိုအပ်ချက်ဟာ Vulkan 1.0 ပံ့ပိုးမှုပါရှိတဲ့ ARM 64 chipset တစ်ခုပဲ ဖြစ်ပါတယ်။ Device ဟာ Android 7.0 နဲ့အထက် ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အနိမ့်ဆုံး SoC နဲ့ RAM လိုအပ်ချက်တွေအကြောင်းတော့ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Device ရဲ့ အနိမ့်ဆုံးလိုအပ်ချက်နဲ့ကိုက်ညီရင် PlayStation Vita 2D ဂိမ်းအများစုကို ကစားနိုင်မှာဖြစ်တယ်လို့ Developer က မှတ်ချက်ပေးထားပါတယ်။

Vita3K ရဲ့ Android port ဟာ Snapdragon device တွေမှာ Custom drivers ကို ထောက်ပံ့ပေးတယ်လို့လည်း သိရပါတယ်။ Developer က Port ကို အသုံးပြုဖို့အတွက် POCO F3 ကို အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မှာကတော့ ဖေဖော်ဝါရီ ၁၂ ရက်လို့ သိရပါတယ်။

Ref: Gizchina