ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Xiaomi ကနေ Pocophone F1 ဆိုပြီး POCO Series စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Pocophone F1 က အောင်မြင်မှုတွေရရှိခဲ့တယ်ဆိုပေမယ့် Xiaomi ကနေ နောက်ထပ် POCO ဖုန်းအသစ်မထုတ်တာ အချိန်တော်တော်ကြာသွားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာတော့ Xiaomi ကနေ POCO ကို Redmi လိုမျိုးပဲ သီးသန့် Sub Brand အနေနဲ့ ခွဲထုတ်လိုက်ပြီလို့ ကြေညာခဲ့ပြီး Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ POCO X2 ကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ POCO X2 ဖုန်းဟာ တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ Redmi K30 ဖုန်းကိုပဲ နာမည်ပြောင်းလဲပြီး Global Version အနေနဲ့ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် မကြာခင်ထပ်ပြီး မိတ်ဆက်ဖို့ရှိနေတဲ့ Flagship ဖုန်းဖြစ်တဲ့ POCO F2 စမတ်ဖုန်းကလည်း Redmi K30 Pro ကိုပဲ နာမည်ပြောင်းထားတဲ့ဖုန်းဖြစ်မယ်လို့ ထင်ကြေးပေးနေကြတာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါထင်ကြေးပေးနေတာက မှားယွင်းတဲ့အကြောင်းကို POCO ရဲ့ General Manger ဖြစ်တဲ့ C Manmohan ကနေ အတည်ပြုပေးခဲ့ပါတယ်။ ဒါကလည်း မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ Fans တွေနဲ့ Online Live ကတစ်ဆင့်တွေ့ဆုံမှုမှာ ပြောကြားသွားခဲ့တာဖြစ်ပြီး POCO F2 ကို အခုအချိန်မှာ စမ်းသပ်နေပြီဖြစ်ကြောင်းနဲ့ ယခင် Pocophone F1 နဲ့ယှဥ်ရင် ထူးခြားချက်တွေရှိလာမယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် POCO F2 စမတ်ဖုန်းဟာ ယခင် Pocophone F1 လောက်တော့ စျေးသက်သာတော့မှာမဟုတ်ဘဲ စျေးကို အသက်သာဆုံးလိုချင်တယ်ဆိုရင် POCO X2 ကိုပဲ ရွေးချယ်ဖို့တိုက်တွန်းခဲ့တဲ့အတွက် ဖြစ်နိုင်တာကတော့ 5G ပါဝင်တဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – Giz China