အိန္ဒိယမှာ Poco M2 ကို ဒီလ ၈ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက မကြာသေးခင်က အတည်ပြုထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းမှာ FullHD+ မျက်နှာပြင်နဲ့ 6GB RAM ပါလာမှာ သေချာသွားပါပြီ။ Poco အိန္ဒိယက ဒီသတင်းကို တွစ်တာကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Poco နဲ့ Flipkart တို့ဟာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။

မကြာခင်ကလည်း Flipkart  က အဲဒီဖုန်းရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေခဲ့ပြီး Specs အတိအကျကို မပြောထားပေမယ့် အရွယ်ကြီး မျက်နှာပြင်၊ ဘက်ထရီနဲ့ RAM ပမာဏ များများ ထည့်သွင်းထားမယ်လို့ ရေးသားထားပါတယ်။ ဓါတ်ဖမ်းရင်လည်း ရှယ်ပဲလို့ ဖော်ပြထားသလို အရွယ်သေး Notch တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

စွမ်းရည်ပိုလန်းတဲ့ Poco M2 Pro ကို ဇူလိုင်လမှာ ကြေညာခဲ့ပြီး Redmi Note 9 Pro ရဲ့ Specs တွေနဲ့ များစွာ တူညီနေပါတယ်။ အဲဒီအတွက် Poco M2 ရဲ့ Specs တော်တော်များများဟာ Redmi Note 9 နဲ့ တူညီနိုင်ပါတယ်။

Poco M2 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို အိန္ဒိယမှာ ၁၃,၉၉၉ ရူပီးနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၂ သိန်းခွဲလောက်ပဲရှိပါတယ်။ Poco M2 ကို ရူပီး ၁၀,၀၀၀ လောက်နဲ့ ရောင်းချနိုင်ပြီး ၁ သိန်း ၈ သောင်းလောက်ပဲရှိနိုင်တဲ့အတွက်  Poco ရဲ့ ဈေးအချိူဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena