Xiaomi ဟာ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံစျေးကွက်အတွက် Redmi Note 9 5G Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုထပ်မံသိရတဲ့သတင်းအရ Xiaomi ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ Redmi Note 9 5G Series ဖုန်းတွေတင်မိတ်ဆက်မှာ မဟုတ်တော့ပါဘူး။

ဘာကြောင့်လဲဆိုရင် POCO Global Twitter Account ကနေ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ POCO M3 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားဖို့ရှိတယ်ဆိုပြီး ကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။ POCO M Series စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် Redmi Note Series ဖုန်းတွေကို နာမည်ပြောင်းလဲပြီး မိတ်ဆက်လေ့ရှိတဲ့ စမတ်ဖုန်းတွေလို့လည်း ပြောနိုင်မှာပါ။

ပြီးခဲ့တဲ့ POCO M2 စမတ်ဖုန်းဆိုရင် Redmi 9 ကို နာမည်ပြောင်းလဲထားတာဖြစ်ပြီး POCO M2 Pro ဖုန်းကလည်း Redmi Note 9S သို့မဟုတ် Redmi Note 9 Pro ကို နာမည်ပြောင်းလဲပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုမိတ်ဆက်မယ့် POCO M3 စမတ်ဖုန်းဟာ တရုတ်နိုင်ငံမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Redmi Note 9 5G Series ဖုန်းတွေထဲက တစ်လုံးဖြစ်လာနိုင်ပါတယ်။

လောလောဆယ်မှာတော့ Xiaomi ကနေ POCO M3 နဲ့ပတ်သက်ပြီးတော့ အသေးစိတ်ထုတ်ဖော်ပြောထားထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Redmi Note 9 5G ဖုန်းဟာ MediaTek Dimensity 800U Chipset နဲ့ Redmi Note 9 Pro 5G ဖုန်းက Qualcomm Snapdragon 750G Chipset ကို အသုံးပြုထားမှာဖြစ်တဲ့အတွက် တကယ်လို့သာ အဆိုပါဖုန်းတွေကို နာမည်ပြောင်းလဲထားတာဆိုရင် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကောင်းမွန်မှာပါ။

Ref – GSM Arena