POCO ဟာ POCO X3 NFC ကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းတုန်းက နိုင်ငံတကာဈေးကွက်ထဲကို ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ မကုန်ခင်မှာ POCO ရဲ့ စမတ်ဖုန်းသစ်တွေကို ထပ်ပြီးတွေ့မြင်ရဦးမယ်လို့ သိရပါတယ်။ ဒီတစ်ခါ တွေ့မြင်ရမှာက Mid-range အမျိုးအစားဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိမှာပဲ ဖြစ်ပါတယ်။

နာမည်ကျော် Tipster ဖြစ်တဲ့ Mukul Sharma ကတော့ POCO ရဲ့ လာမယ့် Device သစ်ကို ဒီဇင်ဘာ ပထမလဝက်ထဲမှာ တွေ့မြင်ရမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ Sharma ကတော့ သူ့ရဲ့သတင်းရင်းမြစ်ဆီကနေ ကိုးကားပြီးပြောဆိုတာပါ။ အကယ်၍သာ ဒီအတိုင်းဖြစ်ခဲ့မယ်ဆိုရင် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်ကြားထဲမှာ POCO ရဲ့ စမတ်ဖုန်းသစ်ကို တွေ့မြင်ရမှာပါ။

Sharma က POCO ဟာ ထုတ်ကုန်သစ်ကို နိုင်ငံတကာဈေးကွက်ကို အဓိကထားဖြန့်ချိမယ်(ဥရောပ ဖြစ်ကောင်းဖြစ်နိုင်) လို့ဆိုခဲ့ပြီး အိန္ဒိယဈေးကွက်အကြောင်းတော့ တစ်ခွန်းမှမပြောခဲ့ပါဘူး။ Sharma ပြောခဲ့တာက ဒီဟန်းဆက်သစ်ဟာ Mid-range အမျိုးအစားဖြစ်မယ်ဆိုတဲ့အကြောင်းပါပဲ။ ကုမ္ပဏီအနေနဲ့ Flagship POCO F2 Pro နဲ့ Mid-range POCO X3 NFC ကို နိုင်ငံတကာဈေးကွက်မှာလည်း ဖြန့်ချိပြီးသား ဖြစ်ပါတယ်။

အိန္ဒိယဈေးကွက်ကတော့ မတူညီတဲ့ မဟာဗျူဟာ၊ မတူညီတဲ့ လုပ်ဆောင်မှုတွေနဲ့ ဝင်ရောက်မယ်လို့ ယူဆရပါတယ်။ မကြာခင်က ဖြန့်ချိခဲ့တဲ့ POCO X3 ဟာ 6,000mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ POCO ရဲ့ Country Director Anuj Sharma ကတော့ အိန္ဒိယအတွက် POCO ထုတ်ကုန်တွေဟာ Redmi တွေထက် ပိုပြီးကောင်းမွန်မယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ မော်ဒယ်နံပါတ် M2010J19CG နဲ့ဟန်းဆက်ကို EEC (Eurasian Economic Commission) ရဲ့ Data Base မှာတွေ့ခဲ့ရပါတယ်။ ဒီမော်ဒယ်နံပါတ်ဟာ Redmi Note 10 4G အနေနဲ့ တရုတ်ဈေးကွက်ဆီဝင်မယ့် ဟန်းဆက် (M2010J10SC) နဲ့ သိပ်မကွာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီ Device ဟာ 22.5W အမြန်အားသွင်းစနစ် ထောက်ပံ့ထားကြောင်းကို တရုတ် 3C မှာလည်း တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။

Ref: Gizmochina