Poco ဟာ Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်ပြီး ယခင်တုန်းက စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အနေနဲ့ နာမည်ရရှိနေတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Poco F1 နဲ့စတင်အောင်မြင်လာတဲ့အပြင် မနှစ်တုန်းက ထွက်ရှိထားတဲ့ Poco F3 Series ဖုန်းတွေကလည်း စျေးကွက်အတွင်းမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။

အခုလည်း Poco ကနေ ယခု ၂၀၂၂ ခုနှစ်အတွင်းမှာ နောက်ထပ် Product အသစ်တွေကို မိတ်ဆက်ဖို့ စီစဥ်နေတဲ့ပုံစံပါပဲ။ နောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရတော့ Poco ဟာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ ယခုနှစ်မှာ Smartwatch အသစ်ကို မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ယခုသတင်းကိုတော့ Leakster တစ်ဦးဖြစ်တဲ့ Piyush Bhasarkar ကနေ Twitter မှာ ဖော်ပြခဲ့တာဖြစ်ပြီး Poco ကုမ္ပဏီကနေတစ်ဆင့် Russian Electronics Certification Platform (ECC) မှာ လျှောက်ထားခဲ့တဲ့ Screenshot ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။

အဆိုပါ ECC Listing အရ Poco Smartwatch ဟာ Model Number အနေနဲ့ Poco M2131W1 လို့ ပေးထားမှာဖြစ်ပြီး တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာရှိတဲ့ 70mai ကုမ္ပဏီကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီ 70mai ကုမ္ပဏီဟာ Xiaomi IoT Ecosystem လက်အောက်က ကုမ္ပဏီအခွဲတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း 70mai ကုမ္ပဏီကနေ ယခင်တုန်းက Smartwatch တွေကို ထုတ်လုပ်ဖူးခြင်းမရှိသေးဘဲ မော်တော်ကားတွေအတွက် Dash Camera တွေကိုပဲ အဓိက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀၂၁ ခုနှစ်ထဲက Poco ကုမ္ပဏီရဲ့ Executive တွေက ၂၀၂၂ ခုနှစ်မှာ Ecosystem Product အသစ်တွေကို ချဲ့ထွင်မိတ်ဆက်သွားမယ်လို့ ပြောကြားထားခဲ့တာကြောင့် အခုလိုမျိုး Smartwatch ကို အရင်ဆုံးအနေနဲ့ မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာလည်း Earbuds တွေ၊ Wearable နဲ့ Power Bank တွေကိုပါ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Gizmo China