ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးရက်တွေမှာ အိန္ဒိယအစိုးရဟာ TikTok, WeChat နဲ့ UC Browser အပါအဝင် တရုတ်မိုလ်ဘိုင်း App ၅၉ ခုကို နိုင်ငံတွင်းမှာ သုံးစွဲခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နယ်စပ်မှာ နှစ်နိုင်ငံစစ်သားတွေ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းမှာ အိန္ဒိယအစိုးရက ဒီပိတ်ပင်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပြဿနာဟာ အဆုံးသတ်သွားပြီလို့ ထင်ရပေမယ့် နောက်ထပ် နှစ်လအကြာမှာတော့ အိန္ဒိယအစိုးရက မူလပိတ်ပင်ထားတဲ့ တရုတ်မိုလ်ဘိုင်း App ၅၉ ခုအပြင် နောက်ထပ် ၁၁၈ ခုကို နိုင်ငံတွင်းသုံးစွဲခွင့် ပိတ်ပင်ကြောင်း ထပ်မံကြေညာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ PUBG Mobile လို ဂိမ်းမျိုးလည်း ပါဝင်လာတာကို တွေ့မြင်ရပါတယ်။

အီလက်ထရောနစ်နဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာကကတော့ ဒီ App တွေဟာ “အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေမှု၊ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးကို၊ နိုင်ငံတော်လုံခြုံရေးနဲ့ အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ထိခိုက်စေတယ်” လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုတစ်ကြိမ် ထပ်မံကြေညာတဲ့ထဲမှာ Alipay, Baidu, WeChat Work, PUBG MOBILE LITE, WeChat reading နဲ့ Arena of Valor စတာတွေကိုလည်း ထည့်သွင်းလာတာ တွေ့မြင်ရပါတယ်။ ပိတ်ပင်ခြင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာမှ ထုတ်ပြန်ကြေညာသွားဖွယ်ရှိနေပါတယ်။

ပိတ်ပင်လိုက်တဲ့ Application တွေအားလုံးဟာ အိန္ဒိယပြင်ပတည်နေရာတွေမှာရှိနေတဲ့ ဆာဗာတွေဆီကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူအချက်အလက်တွေ ပို့ဆောင်တာ၊ ခိုးယူတာတွေပြုလုပ်နေတာဖြစ်တယ်လို့လည်း အိန္ဒိယအာဏာပိုင်တွေက ဆိုထားပါတယ်။

Ref: GSM Arena