၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ Qualcomm ရဲ့မျိုးဆက်သစ်ချစ်ပ်ဆက် Snapdragon 865 ကိုကြေညာခဲ့ပြီး 5G ခေတ်သစ်မှာ Flagship စမတ်ဖုန်းများပေါ် စိုးမိုးလာမယ့် ချစ်ပ်ဆက်ဆိုလည်း မမှားပါဘူး။

စမတ်ဖုန်းကုမ္ပဏီအများအပြားက SD865 ကိုအသုံးပြုထားတဲ့ ဟန်းဆက်များ ထုတ်လုပ်လာဖို့ အပြိုင်အဆိုင် ကတိပေးခဲ့ကြပြီး အခုချိန်မှာ အချို့ကို မြင်နေရပါပြီ။ အစောပိုင်းထွက်ပေါ်လာတဲ့ Flagship တွေထဲမှာ Samsung, Sony နဲ့ Xiaomi တို့ဟာ Snapdragon 865 နဲ့ ဖုန်းသစ်တွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ကာ ယနေ့မှာ ထူးခြားစွာ Qualcomm ကနေ SD865 နဲ့ထုတ်လုပ်ဖို့ စာရင်းပေးထားတဲ့အထဲက ကျန်ရှိနေသေးတဲ့ဖုန်းတွေရဲ့ အမည်ကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။

နာမည်ကျော်ချစ်ပ်ဆက်ထုတ်လုပ်သူဟာ နောက်ဆုံးပေါ် Flagship ထုတ်ကုန်တွေရဲ့အမည်များပါဝင်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ရေးသားဖော်ပြခဲ့ကာ အခုချိန်ထိ မိတ်မဆက်ရသေးတဲ့ ဖုန်းတွေ အများအပြားပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အချို့ဖုန်းတွေဆိုရင် ထုတ်လုပ်မယ်ဆိုတာ ကောလာဟလအဆင့်သာရှိသေးတဲ့ ဘာသတင်းမှ မထွက်သေးတဲ့ ဟန်းဆက်တွေပါ။

ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတာက Lenovo ကနေ ထုတ်လုပ်မယ့် Legion Gaming Phone, FCNT (Fujitsu နည်းပညာကုမ္ပဏီ) arrows 5G, Asus Zenfone 7 နဲ့ ROG Phone 3 တို့လို သတင်းသိပ်မထွက်သေးတဲ့ဖုန်းတွေပါ။ အခုတော့ ဒီဖုန်းတွေရဲ့ တည်ရှိမှုကို အားလုံးသိရှိခဲ့ရပါပြီ။

အချို့ဖုန်းတွေကတော့ အခုထိမကြေငြာရသေးပေမယ့် လာမယ့်နှစ်ပတ်အတွင်း မိတ်ဆက်ပွဲတွေ အသီးသီးလုပ်ဖို့ အတည်ပြုထားတာတွေလည်း ပါဝင်တာကြောင့် မကြာခင်တွေ့ရမယ့် ဖုန်းတွေဖြစ်ပြီး လာမယ့်အချိန်တိုအတွင်း သူတို့ရဲ့ သတင်းတွေကို ပိုပြီးကြားရမှာပါ။

Snapdragon 865 အသုံးပြုလာမယ့်ဖုန်းတွေထဲက မကြေညာရသေးတာတွေကတော့ –

Black Shark 3
FCNT arrows 5G
Oppo Find X2
Lenovo Legion Gaming Phone
Nubia Red Magic 5G
Redmi K30 Pro
Asus ROG Phone 3
vivo APEX 2020 Concept Phone
Asus ZenFone 7

တို့ပဲဖြစ်ပါတယ်။

အခုနောက်ဆုံးပေါ်ချစ်ပ်ဆက်ကို အသုံးပြုပြီး ထုတ်လုပ်လာတဲ့ ဟန်းဆက်ပေါင်း ၆၀ ကျော်ရှိနေပြီလို့လည်း Qualcomm က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် Snapdragon 8 စီးရီးကို အသုံးပြုပြီး ထုတ်လုပ်လာတဲ့ ဟန်းဆက် စုစုပေါင်း ၁၇၅၀ မျိုးကျော်သွားခဲ့ပါပြီ။

Ref – GSM Arena