Qualcomm ဟာ ပုံမှန်အားဖြင့် Flagship Chipset အသစ်တွေကို နှစ်စဥ် နှစ်ကုန်ပိုင်းမှာ Tech Summit အနေနဲ့ ပြုလုပ်ပြီး မိတ်ဆက်လေ့ရှိပါတယ်။ အခုနှစ်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် အဆိုပါ Tech Summit ကို Digital Only ပဲ ပြုလုပ်သွားမယ်ဆိုပြီး ကြေညာလိုက်ပါပြီ။

Qualcomm ရဲ့ ကြေညာချက်အရတော့ ယခုနှစ်အတွက် Tech Summit Digital 2020 ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါ Event မှာ အဓိကအနေနဲ့ Qualcomm Snapdragon 875 Chipset နဲ့ တခြားသော Snapdragon 775 လိုမျိုး Mid Range Chipset ကိုပါ မိတ်ဆက်သွားဖို့ သေချာသလောက်ရှိပါတယ်။

Qualcomm ရဲ့ မနှစ်တုန်းက Tech Summit မှာ မိတ်ဆက်ခဲ့တဲ့ Snapdragon 865 နဲ့ Snapdragon 765G လိုမျိုး Chipset တွေက ယခုနှစ်မှာ အကြီးအကျယ်ကိုအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ လာမယ့် Snapdragon 875 Chipset ဟာလည်း 5nm Architecture ကို အခြေခံထားတဲ့အပြင် ARM ရဲ့ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Cortex X1 Core ပါဝင်လာမှာပါ။ အဲ့ဒီအတွက် ပြီးခဲ့တဲ့ Snapdragon 865 ထက် သိသိသာသာကို စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းလာမှာ ကျိန်းသေနေပါတယ်။

လက်ရှိသိရှိထားရတဲ့ သတင်းတွေအရတော့ Snapdragon 875 Chipset တွေကို Samsung ကနေ ထုတ်လုပ်ပေးထားတာဖြစ်သလို Samsung ကိုယ်တိုင်ကလည်း 5nm Architecture ကို အခြေခံထားတဲ့ Exynos 1000 သို့မဟုတ် Exynos 2100 Chipset ကို မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။ Snapdragon 875 Chipset မှာတော့ Snapdragon X60 5G Modem ကိုပါ Integrated အနေနဲ့ ထည့်သွင်းပေးလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်မှာထွက်ရှိမယ့် Flagship ဖုန်းတွေကတော့ 5nm Architecture Chipset တွေနဲ့အတူ စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီး သိသိသာသာတိုးတက်လာမှာဖြစ်ပါတယ်။

Ref – Gizmo China