Realme က 15 series ကို အိန္ဒိယမှာ ဇူလိုင်လ ၂၄ ရက်နေ့ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး လူအားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရတာကတော့ Realme 15 Pro 5G ဖြစ်ပါတယ်။ အဲဒီဖုန်းက ဘက်ထရီအလွန်ကြီးမားပြီး အံ့အားသင့်စရာကောင်းလောက်အောင် တောက်ပတဲ့ display ပါဝင်တာကြောင့် အလယ်အလတ်တန်းစား ဖုန်းဈေးကွက်မှာ ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။
တရားဝင် ဝက်ဘ်ဆိုဒ်ရဲ့ အတည်ပြုချက်အရ Realme 15 Pro 5G ကို ဇူလိုင်လ ၂၄ ရက်၊ အိန္ဒိယစံတော်ချိန် ည ၇ နာရီမှာ တရားဝင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ လူပြောအများဆုံး feature တွေထဲကတစ်ခုကတော့ 7,000mAh ရှိတဲ့ ကြီးမားတဲ့ ဘက်ထရီဖြစ်ပြီး ဒါက သူ့အမျိုးအစားထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ အားအမြန်ပြန်ပြည့်ဖို့အတွက် USB-C ကနေ 80W အားအမြန်သွင်းစနစ်နဲ့ တွဲဖက်ပေးထားပါတယ်။
မျက်နှာပြင်ပိုင်းမှာတော့ HyperGlow 4D Curve+ AMOLED display ကို သုံးထားပြီး အမြင့်ဆုံးတောက်ပမှု 6,500 nits နဲ့ 144Hz refresh rate ပါဝင်ပါတယ်။ Realme က အဲဒီ display မှာ ၉၄% screen-to-body ratio၊ 2,500Hz touch response rate တို့ ပါဝင်ပြီး Corning Gorilla Glass နဲ့ ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါတွေက high-end ဖုန်းအများအပြားနဲ့တောင် ယှဉ်နိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
Qualcomm ရဲ့ Snapdragon 7 Gen 4 chipset ကို အသုံးပြုထားပါတယ်။ 4nm process နဲ့ တည်ဆောက်ထားတာကြောင့် အရင်မျိုးဆက်ထက် CPU စွမ်းဆောင်ရည် ၂၇% ပိုကောင်းလာမယ်လို့ အာမခံထားပြီး ချောမွေ့တဲ့ ဂိမ်းကစားမှုနဲ့ အလုပ်များစွာကို တစ်ပြိုင်တည်းလုပ်ဆောင်နိုင်တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
ဘက်ထရီအကြီးကြီး ပါဝင်ပေမယ့် ဖုန်းရဲ့အထူက ၇.၆၉ မီလီမီတာပဲ ရှိပါတယ်။ ထင်ထားတဲ့အတိုင်းပဲ ဖုန်နဲ့ ရေဒဏ်ခံနိုင်တဲ့ IP69 rating လည်း ပါဝင်လာပါတယ်။ အရောင်အနေနဲ့ Flowing Silver၊ Silk Purple၊ Velvet Green နဲ့ Silk Pink ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဆော့ဖ်ဝဲပိုင်းမှာတော့ Realme က AI feature အသစ်တွေကို မိတ်ဆက်ထားပြီး အဲဒီထဲမှာ “ဒီလုပ်ငန်းနယ်ပယ်မှာ ပထမဆုံး” လို့ဆိုနိုင်တဲ့ AI Edit Genie လည်း ပါဝင်ပါတယ်။ အဲဒီ feature က သုံးစွဲသူတွေကို အသံနဲ့ပြောပြီး ဓာတ်ပုံတွေကို ပြင်ဆင်နိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမိုက်စား ဂိမ်းဆော့နိုင်ဖို့ AI Gaming Coach 2.0 နဲ့ AI Ultra Touch Control တို့လည်း ပါဝင်ပါသေးတယ်။
ကင်မရာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မကြာခင်မှာ တရားဝင်အတည်ပြုပေးသွားမယ်လို့ Realme က ပြောထားတာကြောင့် ဆက်လက်စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Ref : Gizmochina