Realme ဟာ သူ့ရဲ့ Budget အမျိုးအစား C11 ကို ပြီးခဲ့တဲ့ ဇွန်လကုန်တုန်းက မလေးရှားနိုင်ငံမှာ တရားဝင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အင်ဒိုနီးရှားနဲ့ အိန္ဒိယဈေးကွက်တွေမှာ ဆက်တိုက်ဆိုသလို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Realme ဟာ သူတို့ရဲ့ ထုတ်ကုန်ကို ဥရောပဈေးကွက်ဆီ ပို့ဆောင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Realme ဟာ C11 ကို Redmi 9C နဲ့ ယှဉ်ပြိုင်ဖို့ အားစိုက်ထုတ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကို အာရှဈေးကွက်မှာ မြင်တွေ့နိုင်ပေမယ့် ဥရောပဈေးကွက်ဆီပို့ဆောင်မယ်ဆိုတာကတော့ တရားဝင်ထွက်ပေါ်လာတဲ့ သတင်းမဟုတ်ပါဘူး။ လူငယ် Leaker ဖြစ်တဲ့ Sudhanshu Ambhore (@Sudhanshu1414) ကတစ်ဆင့် ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။

Ambhore ကတော့ Realme C11 ဟာ ဥရောပဈေးကွက်ကို မကြာမီအချိန်အတွင်း ရောက်ရှိမယ်လို့ အခိုင်အမာဆိုခဲ့ပြီး Mint Green နဲ့ Pepper Grey အရောင်တွေကို ရရှိမယ်လို့လည်း ဆိုခဲ့ပါသေးတယ်။ အိန္ဒိယမှာတော့ Rich Green နဲ့ Rich Grey ဆိုတဲ့နာမည်တွေဖြစ်တာကြောင့် ကုမ္ပဏီဟာ ဥရောပဈေးကွက်အတွက် နာမည်ပြောင်းလိုက်တာလား၊ ဒါမှမဟုတ် မတူညီတဲ့အရောင်သစ်ပဲထုတ်လုပ်တာလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Realme C11 ကို ယူရို ၁၀၀ ကနေ ၁၂၀ ကြား (၁ သိန်း ၅ သောင်း ၆ ထောင်ကနေ ၁ သိန်း ၈ သောင်း ၈ ထောင်ကြား) ရောင်းချမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တစ်ဘက်မှာ Redmi 9C ကလည်း Relme C11 လိုမျိုး (2GB RAM+32GB) ဖြစ်ပြီး ဈေးနှုန်းက ၁၁၉ ယူရို (၁ သိန်း ၈ သောင်း ၆ ထောင်ဝန်းကျင်) ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဒီဇိုင်းပိုင်းနဲ့ Hardware ပိုင်းတွေအပြင် ဈေးနှုန်းပိုင်းမှာလည်း မတိမ်းမယိမ်းဖြစ်တဲ့ ဒီဟန်းဆက်နှစ်မျိုးမှာ ဘယ်တစ်မျိုးက ပိုပြီးရေပန်းစား၊ လူကြိုက်များသွားမယ်ဆိုတာကိုလည်း စောင့်ကြည့်ချင်စရာပဲ ဖြစ်ပါတယ်။

Realme C11 ဟာ 6.5-inch HD+ IPS LCD Display နဲ့ဖြစ်ပြီး Waterdrop notch ထဲမှာ 5MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 13MP အဓိကကင်မရာနဲ့ 2MP depth sensor တို့ကို တပ်ဆင်ပေးထားပြီး ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပါတယ်။ Chipset ကတော့ MediaTek Helio G35 ဖြစ်ပါတယ်။

Ref: Gizmochina