အိန္ဒိယဈေးကွက်မှာ Realme ဟာ လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ Realme 6i ကို မိတ်ဆက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ Realme C11 ကို  ကြေညာပြီး တစ်ပတ်အကြာမှာဖြစ်တဲ့အတွက် အတော်လေး ကပ်လွန်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ နောက်ထပ် ထုတ်ကုန်သစ်ကလည်း မိတ်ဆက်ခံဖို့ စောင့်ဆိုင်းနေပါသေးတယ်။

အဲဒါကတော့ Realme C15 ကို လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့မှာ မိတ်ဆက်ဦးမှာပါ။ အိန္ဒိယမှာ Realme 6i မိတ်ဆက်တဲ့ရက်နဲ့ လေးရက်ပဲကွာတယ်ဆိုပေမယ့် C15 ကို မိတ်ဆက်မယ့်ဈေးကွက်က အင်ဒိုနီးရှားဖြစ်တဲ့အတွက် သိပ်ပြီးပြဿနာမရှိဘူးလို့ ဆိုနိုင်ပါတယ်။

Realme C15 ရဲ့ အဓိက အားသာချက်လို့ဆိုနိုင်တာက 6,000mAh ပမာဏ ဘက်ထရီပဲ ဖြစ်ပါတယ်။ ဒီသတင်းက တရားဝင်ဖြစ်ပြီး ပိုစတာတွေလည်း ထွက်နေပါပြီ။ ပိုစတာအရ နာမည်ကိုလည်း အတည်ပြုနိုင်သလို၊ ဟန်းဆက်ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာလည်း ကောင်းကောင်းတွေ့မြင်နိုင်ပြီ ဖြစ်ပါတယ်။

Realme C15 ဟာ ကျောဘက်မှာ စတုဂံပုံစံကင်မရာအိမ်ဖွဲ့စည်းထားပြီး အတွင်းမှာတော့ ကင်မရာ လေးလုံးရှိနေတာကိုတွေ့ရပါတယ်။ ကင်မရာတွေအနားမှာတော့ လက်ဗွေဖတ်ဆင်ဆာကို တပ်ဆင်ထားတာလည်း တွေ့ရမှာပါ။ အရှေ့ဘက်မျက်နှာပြင်မှာတော့ Waterdrop notch နဲ့အတူ Selfie ကင်မရာတစ်လုံး ရှိနေပါတယ်။

ပိုစတာအရ ထပ်ပြီးသိနိုင်တာက Realme C15 ဟာ 18W အမြန်အားသွင်းစနစ်ထောက်ပံ့ထားတယ်ဆိုတာပါပဲ။ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကို မသိရသေးပေမယ့် လာမယ်က ရက်အနည်းငယ်အတွင်းမှာ ပေါ်ထွက်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizmochina