Realme က Neo7 မိသားစုဝင် မော်ဒယ်အသစ်တစ်လုံးကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ 7,200 mAh Battery နဲ့ 100W Wired Charging ပါဝင်ပြီး နာမည်ကတော့ Realme Neo7 Turbo ဖြစ်ပါတယ်။
အဲဒီဖုန်းက Realme GT7 နဲ့ တော်တော်လေး ဆင်တူပြီး Realme GT 7 ရဲ့ chipset ကိုပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။
Realme Neo7 Turbo မှာ Mediatek ကထုတ်တဲ့ Dimensity 9400e chip ပါဝင်ပြီး အဲဒီ chip မှာ 3.4 GHz ရှိတဲ့ Cortex-X4 core တစ်ခုလည်း ပါဝင်ပါတယ်။ သူ့ရဲ့ ၆.၈ လက်မ AMOLED screen က 144 Hz refresh rate အထိ ရရှိနိုင်ပြီး အလင်းအား အထူးကောင်းမွန်တဲ့ 6,500 nits peak brightness လည်း ပါဝင်ပါတယ်။
ဖုန်းအပူချိန် ထိန်းညှိဖို့အတွက် ၇,၇၀၀ စတုရန်းမီလီမီတာရှိတဲ့ vapor chamber တစ်ခု၊ rendering ကို ၃၀% လျှော့ချပေးပြီး သုံးစွဲတဲ့ ပါဝါပမာဏကိုလည်း သင့်တင့်တဲ့အဆင့်မှာ ထိန်းထားပေးနိုင်တဲ့ GT 2.0 Engine နဲ့ Wi-Fi signal ကို ပိုကောင်းစေပြီး router နဲ့ မီတာ ၁၉၃ အထိ အလွန်ဝေးကွာတဲ့အကွာအဝေးအထိ ချိတ်ဆက်နိုင်စွမ်းရှိတဲ့ အထူး connectivity chip တစ်ခုလည်း ပါဝင်ပါတယ်။
Battery က 7,200 mAh ဖြစ်ပြီး၊ ဒါက Realme စမတ်ဖုန်းတွေထဲမှာ (တရုတ်ပြည်ထုတ် GT7 နဲ့ တန်းတူပေါ့) ပမာဏအကြီးဆုံး ဖြစ်ပါတယ်။ ၁၈ မိနစ်အတွင်း အား ၀ ကနေ ၅၀% အထိ အားသွင်းနိုင်ပြီး ဖုန်းဘူးထဲမှာပါတဲ့ 100W အားသွင်းခေါင်းနဲ့ဆိုရင်တော့ ၀ ကနေ ၁၀၀% ပြည့်ဖို့ ၄၇ မိနစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ Neo7 Turbo မှာ bypass charging စနစ်လည်း ပါဝင်ပါတယ်။
Realme က Neo7 Turbo ကို ရေစိုခံ၊ ဖုန်တင်ခံနိုင်မှုအတွက် အသိအမှတ်ပြုလက်မှတ်တွေလည်း ပေးထားပြီး အခုဆိုရင် IP66, IP68, နဲ့ IP69 စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ အဲဒီဖုန်းက ကင်မရာကို အဓိကထားထုတ်ထားတာမျိုး မဟုတ်တဲ့အတွက် နောက်ကျောမှာ 50 MP main ကင်မရာနဲ့ 8 MP ultra-wide ကင်မရာတို့ ပါဝင်ပြီး ရှေ့ဘက်မှာတော့ 16 MP selfie ကင်မရာ ပါရှိပါတယ်။
Realme Neo7 Turbo မှာ Realme UI 6.0 နဲ့ Android 15 တို့ကို အခြေခံပြီး ထည့်သွင်းပေးထားပါတယ်။ သူ့မှာ Fluid Cloud 2.0 လို့ခေါ်တဲ့ Dynamic Island ပုံစံ feature တစ်ခု ပါဝင်ပြီး ဓာတ်ပုံထဲက မလိုချင်တဲ့အရာတွေ ဖယ်ရှားတာမျိုး၊ စာသားတွေနဲ့ အသံဖိုင်တွေကို အကျဉ်းချုပ်ဖော်ပြတာမျိုးလို AI feature တချို့လည်း ပါဝင်ပါတယ်။
အရောင်အနေနဲ့ အဖြူနဲ့ အနက်ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ဖုန်းရဲ့ မြန်နှုန်းမြင့်စွမ်းဆောင်ရည်ကို ပေါ်လွင်စေတဲ့ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းပုံစံနဲ့ ဖြစ်ပါတယ်။
Realme Neo7 Turbo ကို တရုတ်နိုင်ငံမှာ ဝယ်ယူရရှိနိုင်ပါပြီ။ 12GB/256GB အမျိုးအစားအတွက် စတင်ဈေးနှုန်းက တရုတ်ယွမ် ၁,၉၉၉ (အမေရိကန်ဒေါ်လာ ၂၈၀ သို့မဟုတ် ယူရို ၂၅၀ ခန့်) ဖြစ်ပြီး ဈေးအကြီးဆုံးဖြစ်တဲ့ 16GB/512GB အမျိုးအစားကတော့ တရုတ်ယွမ် ၂,၆၉၉ (အမေရိကန်ဒေါ်လာ ၃၇၅ သို့မဟုတ် ယူရို ၃၃၀ ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို တရုတ်နိုင်ငံပြင်ပမှာ ဖြန့်ချိမယ့် အလားအလာကတော့ နည်းပါးတယ်လို့ ဆိုပါတယ်။
Ref : gsmarena