Realme ဟာ ပြီးခဲ့တဲ့ရက်ကပဲ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ Realme V5 အကြောင်း Teaser ထုတ်လွှတ်ခဲ့ပါသေးတယ်။ V5 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး V စီးရီးစမတ်ဖုန်းဖြစ်လာပါလိမ့်မယ်။ ဒီနေ့မှာတော့ Realme V5 ကို လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာ ရောင်းချမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


Realme V5 ဟာ အရှေ့ဘက်မှာ Punch-hole ဒီဇိုင်းနဲ့ဖြစ်သလို၊ အနောက်ဘက်မှာလည်း စတုဂံပုံစံ ကင်မရာအိမ် ဖွဲ့တည်မှုမှာ “L” ပုံသဏ္ဍာန် ကင်မရာတပ်ဆင်နေရာချထားတဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။ ကင်မရာဒီဇိုင်းကလည်း Realme စမတ်ဖုန်းတွေထဲမှာ ပထမဦးဆုံး ဒီဇိုင်းဖြစ်ပါတယ်။

V5 ရဲ့ Fingerprint sensor ကတော့ ကျောပြင်မှာမဟုတ်ဘဲ ဘေးဘောင်မှာတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကုမ္ပဏီက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေမယ့် ယုံကြည်စိတ်ချရတဲ့ Tipster ဖြစ်တဲ့ Digital Chat station ရဲ့ ထုတ်ဖော်မှုကတစ်ဆင့် သိနိုင်မှာ ဖြစ်ပါတယ်။


Digital Chat Station ရဲ့ ဖော်ပြမှုအရ Realme V5 ဟာ 6.5-inch FullHD+ LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 5,000mAh ပမာဏ ဘက်ထရီကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ 30W အမြန်အားသွင်းစနစ်နဲ့ 5G ကွန်ရက်ချိတ်ဆက်နိုင်မှုကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ Processor ကတော့ 2.0GHz clocked ရှိတဲ့ Octa-core ဖြစ်တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းရဲ့ အလေးချိန်ဟာ 194 grams ဖြစ်ပြီး 9.1mm အထူရှိပါတယ်။ စုစုပေါင်း ကင်မရာငါးလုံးဖြစ်ပြီး အရှေ့ဘက်က Selfie ကင်မရာဟာ 16MP လို့ ဆိုပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာအပါအဝင် 8MP ကင်မရာနှစ်ခုနဲ့ 2MP ကင်မရာတစ်ခု ပါဝင်တယ်လို့ သိရပါတယ်။

Ref: GSMArena