Realme အမှတ်တံဆိပ်အောက်မှာ စမတ်နာရီသစ် တစ်မျိုးဟာ မကြာခင်အချိန်အတောအတွင်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ FCC listing အရ ဒီ စမတ်နာရီဟာ Realme Watch S Pro ဖြစ်တယ်လို့ သိရသလို၊ ဒီနာရီနဲ့ပတ်သက်တဲ့ Specs အချို့ကိုလည်း သိလာရပြီ ဖြစ်ပါတယ်။

Realme Watch S Pro (RAM186) ဟာ 1.39-inch အရွယ် စက်ဝိုင်းပုံဒိုင်ခွက်နဲ့ ဖြစ်ပါတယ်။ AMOLED touch display ဖြစ်ပြီး Resolution ကတော့ 454 x 454 ဖြစ်တယ်လို့ သိရပါတယ်။ ဒိုင်ခွက်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ခလုတ်တစ်ခုစီရှိနေကြပါတယ်။ Dial မှာ Tachymeter ရှိပါတယ်။ လက်ပတ်ကြိုးကတော့ ဆီလီကွန် အမျိုးအစားဖြစ်ပါတယ်။

User Maunal အရ Realme Watch S Pro ဟာ လမ်းလျှောက်တာနဲ့ ပြေးတာတွေပြုလုပ်တိုင်း ခြေလှမ်းအရေအတွက်၊ အကွာအဝေး နဲ့ ကယ်လိုရီ လောင်ကျွမ်းမှုပမာဏ စတာတွေကို အလိုအလျောက် မှတ်သားတွက်ချက်ပေးမယ်လို့ သိနိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းစောင့်ကြည့်တာ၊ အိပ်စက်ခြင်းကိုစောင့်ကြည့်တာနဲ့ SpO2 sensor လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

အခြားလုပ်ဆောင်ချက်တွေအနေနဲ့ ဖုန်းခေါ်ဆိုတာ၊ သီချင်းဖွင့်တာ၊ ကင်မရာကို ထိန်းချုပ်တာနဲ့ ဖုန်းရဲ့ Feature တွေကို ရှာဖွေတာမျိုး ပါဝင်ပါတယ်။ Bluetooth Low Energy ကတစ်ဆင့် Realme app နဲ့ချိတ်ဆက်ပြီး၊ ဖုန်းနဲ့တွဲအလုပ်လုပ်နိုင်ပါလိမ့်မယ်။

Realme Watch S Pro မှာ 420mAh ပမာဏ ဘက်ထရီတပ်ဆင်ထားတယ်ဆိုပေမယ့် အသုံးပြုနိုင်တဲ့ အချိန်အတိုင်းအတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ နာရီကို ဘက်ထရီအားသွင်းဖို့ Magnetic charger တစ်ခု ပါဝင်ပါလိမ့်။ ဒီနာရီကို ဘယ်အချိန်မှာ ကြေညာမလဲဆိုတာ မသိရသေးသလို Realme Watch ထက်လည်း ပိုပြီးဈေးနှုန်းမြင့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: Gizmochina