Xiaomi က Redmi 9 Power ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အခုတော့ အဖွဲ့ဝင် အသစ် တိုးလာတော့မှာပါ။ ဒီလ ၈ ရက်နေ့မှာ Redmi 9T အမည်ရ စမတ်ဖုန်း အသစ်ကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ Xiaomi ကတော့ Redmi 9T အကြောင်း ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။

Redmi 9 Power

ပေါက်ကြားသတင်းတွေအရ Redmi 9T ဟာ စမတ်ဖုန်း အသစ် မဟုတ်ဘဲ Redmi 9 Power ကို နာမည်ပြောင်းရောင်းချတာလို့ သိရပါတယ်။ Redmi 9 Power ဟာလည်း တကယ်တော့ စမတ်ဖုန်း အသစ်မဟုတ်ဘဲ Redmi Note 9 4G မှာ 2MP Macro ကင်မရာ အပို ၁ လုံး ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒီသတင်းသာ မှန်မယ်ဆိုရင် Redmi 9T မှာ Snapdragon 662 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး ၆.၅၃ လက်မ FullHD+ LCD မျက်နှာပြင် ပါလာမှာပါ။ အရွယ်ကြီး 6,000mAh ဘက်ထရီနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။ 8MP ဆဲလ်ဖီး ကင်မရာကို Notch မှာ တပ်ဆင်ထားမှာပါ။

Redmi 9T ရဲ့ Unboxing ဗီဒီယို ၁ ခု YouTube မှာ ထွက်ပေါ်လာပြီး Redmi 9 Power နဲ့ အရမ်းတူပါတယ်။ ဒါပေမယ့်လည်း ဒီဇိုင်းပဲ တူပြီး အတွင်းပိုင်း  အစိတ်အပိုင်းတွေ ကွဲပြားတာလည်း ဖြစ်နိုင်ပါတယ်။ မကြာခင်မှာ Redmi 9T ရဲ့ သတင်းတွေ ပိုသိလာရမှာပါ။

Ref : gsmarena