Xiaomi Mi 11 ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Chipset အသုံးပြုထားတဲ့ ပထမဆုံးသော စမတ်ဖုန်းအဖြစ် ၂၀၂၁ ခုနှစ်မှာ ဈေးကွက်ထဲရောက်ရှိမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကုမ္ပဏီက Mi 11 ကိုတရားဝင်ကြေညာထားပြီးဖြစ်လို့ စတင်ရောင်းချမယ့်အချိန်ကိုပဲ စောင့်နေကြတာပါ။

ဈေးကွက်ထဲက အခြားကုမ္ပဏီတွေအနေနဲ့လည်း နောက်ဆုံးပေါ် ပရီမီယံအဆင့် Chipset သုံးထားတဲ့ စမတ်ဖုန်းတွေကို အသီးသီးကြေညာထားကြတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါပေမယ့် Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi ကလည်း Snapdragon 888 Chipset ကိုသုံးပြီး ဈေးအသက်သာဆုံးဟန်းဆက်ကို မိတ်ဆက်လာမယ်လို့ သိရပါတယ်။

Redmi က Snapdragon 888 Chipset နဲ့ ဈေးအသက်သာဆုံးဟန်းဆက်အဖြစ် ထုတ်မယ်ဆိုတာကို တရားဝင်မကြေညာသေးပေမယ့် နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station က Weibo မှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Codename Haydn model K11 လို့လည်း တစ်ပါတည်းထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

အခြား Blogger တစ်ဦးဆီက ထွက်ပေါ်လာတဲ့သတင်းအရ Digital Chat Station ပြောတဲ့ ဟန်းဆက်ဟာ Redmi K40 ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒီ Blogger ဆီက မြင်တွေ့ရတာက ကျောဘက်ကင်မရာဖွဲ့စည်းပုံကိုပြသထားတဲ့ ဓါတ်ပုံတစ်ခုသာဖြစ်ပြီး၊ ဒါဟာ Redmi K40 ဟုတ်၊ မဟုတ်ကိုလည်း အတည်မပြုနိုင်သေးသလို၊ Snapdragon 888 သုံး၊ မသုံးဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး။

ကနဦးသတင်းတွေမှာတော့ K40 ဟာ MediaTek Dimensity 1000 စီးရီး Chipset တွေအသုံးပြုမယ်လို့ဖော်ပြခဲ့ဖူးပါတယ်။ ဒါကိုလည်း အခုအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးတာကြောင့် ကုမ္ပဏီရဲ့ တရားဝင်ကြေညာချက်၊ ဒါမှမဟုတ် ခိုင်လုံတဲ့သက်သေအထောက်အထားရရှိဖို့ စောင့်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina