Redmi K စီးရီးဟာ ခြောက်လတစ်ကြိမ်အသစ်ထွက်လေ့ရှိပြီး မတ်လတုန်းက Redmi K30 Pro ထွက်ခဲ့တာကြောင့် Redmi K40 စီးရီးအသစ်ကို မြင်ရဖို့ သိပ်မကြာတော့ဘူးလို့ ဆိုရမှာပါ။ ယနေ့မှာတော့ ထုံးစံအတိုင်း တရုတ်ပြည်တွင်း Certification ဆိုက်တွေကနေ စတင်ပြီး သတင်းထွက်လာခဲ့ပါပြီ။

3C ပလက်ဖောင်းပေါ်မှာ မော်ဒယ်နံပါတ် M2006J10C နဲ့ Xiaomi ဖုန်းတစ်လုံး ပေါ်ထွက်လာခဲ့ပြီး အားသွင်းကြိုးက MDY-11-EX ဖြစ်ပါတယ်။ ဒီ 33W Charger ဟာ အရှေ့မှာ Redmi K30 Pro နဲ့ ဖုန်းအချို့မှာလည်း မြင်တွေ့ခဲ့ရပြီးသားပါ။

ဒါ့ကြောင့် မျိုးဆက်သစ်စီးရီးကို Redmi K40 လို့ သတ်မှတ်ရမှာဖြစ်ပြီး Xiaomi Mi CC10 အမည်နဲ့လည်း ထွက်လာနိုင်ပါတယ်။ အခုလအစောပိုင်းမှာ တစ်ခါသတင်းထွက်ထားပြီး အဓိကကင်မရာအဖြစ် Samsung 108MP HM2 Sensor ကို အသုံးပြုလာမယ်လို့ ဆိုထားပါတယ်။

Mi CC10 ဖုန်းဟာ Qualcomm ရဲ့ Mid-range ချစ်ပ်အသစ် Snapdragon 775G ကို အသုံးပြုလာမှာဖြစ်ပြီး SD765G နဲ့ယှဉ်ရင် CPU စွမ်းဆောင်ရည် 40% နဲ့ GPU 50% ထိ အမြင့်ဆုံး တိုးတက်လာနိုင်ပါတယ်။ Qualcomm ဟာ ဇူလိုင် ၁၇ ရက်နေ့မှာ Event တစ်ခုရှိပြီး 5G ချစ်ပ်ဆက်တွေအကြောင်း ဖြစ်မှာပါ။ ဒီပွဲမှာ SD775G ကို မိတ်ဆက်လာမှာဖြစ်ပြီး Redmi K40, Xiaomi Mi CC10 တို့ရဲ့ Benchmark ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ဦးဆုံးပြသလာမယ့် စမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။

Ref – GSMArena