Xiaomi ကုမ္ပဏီကနေ နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ Redmi K60 Series ဖုန်းတွေဟာ Gaming Edition ဆိုပြီး သီးသန့်ပါဝင်ခြင်းမရှိပေမယ့် Performance ပိုင်းကို ဦးစားပေးထားတဲ့ဖုန်းတွေဖြစ်ပါတယ်။ Xiaomi ကိုယ်တိုင်က စမတ်ဖုန်းနဲ့ ဂိမ်းဆော့တဲ့သူတွေအတွက် သီးသန့် Gaming ဖုန်းတွေဝယ်ယူဖို့ မလိုအပ်ဘဲ Redmi K60 ကိုပဲ ဝယ်ယူတာက လုံလောက်ပြီဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုရင် Redmi K60 Pro ဖုန်းဟာ လက်ရှိမှာ အကောင်းဆုံးဖြစ်တဲ့ Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားသလို Redmi K60 ဖုန်းကလည်း Snapdragon 8+ Gen 1 Chipset ကိုထည့်သွင်းအသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ ဒါကိုမှ အမြင့်ဆုံး RAM 16GB အထိ ရွေးချယ်နိုင်တာကြောင့် Gaming ပိုင်းတွေမှာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။

ဒါ့အပြင် Gaming ပိုင်းမှာ အရေးကြီးတဲ့ Cooling ပိုင်းအတွက်လည်း Redmi K60 ဖုန်းတွေမှာ ကြီးမားတဲ့ 5000mm2 Vapor Chamber Cooling System ကိုထည့်သွင်းပေးထားပါတယ်။ အခုလည်း Xiaomi ကိုယ်တိုင်က Redmi K60 ဖုန်းတွေကို ပုံမှန်ထက် အပူချိန် 4° Celsius အထိ လျော့ချပေးနိုင်တဲ့ Official Cooling Case ကိုပါ ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။

အဆိုပါ Cooling Case ကိုတော့ Ice Sensing Cooling Case လို့ နာမည်ပေးထားပြီး ဖုန်းရဲ့ အပူချိန်ပေါ်မူတည်ပြီး Solid ကနေ Liquid အခြေအနေကို ပြောင်းလဲနိုင်တဲ့ Phase Composite Material ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းပူလာတဲ့အချိန်မှာ အဆိုပါ Composite Material က Liquid အခြေအနေကို ပြောင်းလဲသွားပြီး ဖုန်းရဲ့ အပူကိုလျော့ချပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ ပုံမှန် Gaming Phone တွေမှာတွေ့ရတတ်တဲ့ Cooling Fan နဲ့ယှဥ်ရင် ပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။

အခု Redmi K60 အတွက် Ice Sensing Cooling Case ကိုတော့ စျေးနှုန်းအနေနဲ့ ၇၉ ယွမ် သို့မဟုတ် မြန်မာငွေ ၃ သောင်းဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China