Xiaomi CEO Lei Jun က Redmi Turbo 3 ဟာ ပထမအသုတ်မှာ သတ်မှတ်ထားတဲ့ ရောင်းအားကို ပြည့်မီရင် Redmi Team ကို Xiaomi SU7 ကား လက်ဆောင်ပေးမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ Redmi ဟာ ဧပြီလ ၁၀ ရက်နေ့ တရုတ်မှာ အဲဒီဖုန်းနဲ့အတူ Redmi Pad Pro တက်ဘလက်ကို ကြေညာခဲ့ပြီး အခုတော့ ရောင်းချပေးခဲ့တာပါ။

Redmi Turbo 3 ဟာ စွမ်းဆောင်ရည်ကို အသားပေးထားတဲ့ Redmi Turbo Series ရဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၇၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

အခုတော့ Redmi Turbo 3 ဟာ ပထမအသုတ်မှာ သတ်မှတ် ရောင်းအားကို ပြည့်မီခဲ့ပါတယ်။ အဲဒီဖုန်းရဲ့ ပထမ အပတ် ရောင်းအားဟာ အဲဒီ ဈေးနှုန်းတန်းမှာ မကြာခင်က ရောင်းချခဲ့တဲ့ ဖုန်း အားလုံးထက် သာလွန်သွားပါတယ်။

Redmi ရဲ့ အထွေထွေမန်နေဂျာ Wang Teng က Turbo 3 ဟာ ရောင်းအားကောင်းနေပြီး အားပေးကြတဲ့ လူအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ သူက ပထမဆုံး ဝယ်ယူသူတွေထဲက ၁ ယောက်ကို ဧပြီလ ၂၃ ရက်နေ့မှာ ရွေးချယ်မှာ ဖြစ်ပြီး Xiaomi SU7 ကားကို ၁ နှစ် အခမဲ့ စီးနင်းခွင့်ပြုမယ်လို့ ကြေညာလိုက်ပါတယ်။

ဧပြီလ ၁၀ ရက်ကနေ ၁၅ ရက်အတွင်း Xiaomi သတ်မှတ်ထားတဲ့ တရားဝင် ပလက်ဖောင်းတွေကနေ ဝယ်ယူသူတွေဟာ အဲဒီ အစီအစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Ref : gizmochina