League of Legends ဂိမ်းကိုထုတ်လုပ်ခဲ့လို့ လူသိများတဲ့ Riot Games ဟာ ကုမ္ပဏီနဲ့ တည်ထောင်သူနှစ်ဦး ပေါင်းပြီး စုစုပေါင်းဒေါ်လာ ၁.၅ သန်းကို သူတို့ရဲ့ဇာတိ လော့စ်အန်ဂျလိစ် (LA) မှာ COVID-19 တိုက်ဖျက်ဖို့အတွက် လှူဒါန်းခဲ့ပါတယ်။ LA မြို့တော်ဝန် Eric Garcetti က Riot Games ရဲ့လှူဒါန်းမှုကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ L.A မှာ မြို့တစ်ခုတည်းကိုသာမက နိုင်ငံကိုရော၊ ကမ္ဘာတစ်ခုလုံးကိုပါ အားဖြည့်ပေးနေတဲ့ လုပ်ငန်းကြီးတွေရှိနေတာ ကောင်းချီးတစ်ခုပါပဲ” လို့ Garcetti က ဆိုပါတယ်။ အီလက်ထရောနစ်ဂိမ်းဟာလည်း ဒီလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး Riot Games ဟာ အီလက်ထရောနစ်ဂိမ်းလောကရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်လို့ သူက မှတ်ချက်ချခဲ့တယ်။

သူတို့ရဲ့လှူဒါန်းမှုအနက်က ဒေါ်လာလေးသိန်းဟာ LA ရဲ့ စားရေရိက္ခာဘဏ်စာရင်းထဲကို လွှဲပြောင်းပေးမှာဖြစ်ပြီး ဒေါ်လာနှစ်သိန်းကတော့ အထွေထွေကျန်းမာရေးနဲ့ လိုအပ်နေတဲ့လူထုကို ကျွေးမွေးစောင့်ရှောက်ဖို့ မြို့တော်ဝန်ရန်ပုံငွေထဲ ရောက်သွားမှာပါ။ ကျန်တဲ့ ဒေါ်လာရှစ်သိန်းကို LA အခြေစိုက် NGO အဖွဲ့အစည်းတွေထံ ဝေမျှလှူဒါန်းပေးမှာဖြစ်ပါတယ်။

Riot Games ဟာ ဒီကပ်ဘေးမှာ ရှေ့တန်းထွက်နေရတဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ သူတို့ကိုယ်ပိုင်ဝန်ထမ်းများကို ကူညီထောက်ပံ့ပေးနေသူပါ။ ဆေးရုံများစွာကို လိုအပ်နေတဲ့ PPE ဝတ်စုံတွေ လှူဒါန်းခဲ့သလို Riot Games ဝန်ထမ်းတွေကိုလည်း လစာအပြည့်အဝပေးချေနေခဲ့ပါတယ်။

Ref – Dotesports