Amazon, Block, Atlassian နဲ့ Meta တို့လို ကုမ္ပဏီကြီးတွေက AI ကြောင့် ဝန်ထမ်းပေါင်း သောင်းနဲ့ချီပြီး အလုပ်ဖြုတ်နေကြပါတယ်။ အဲဒီအချိန် အင်္ဂါနေ့မှာ OpenAI ရဲ့ CEO Sam Altman က X ပလက်ဖောင်းပေါ်မှာ ရှုပ်ထွေးလှတဲ့ ဆော့ဖ်ဝဲလ်တွေကို အပင်ပန်းခံ ရေးသားခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အသိအမှတ်ပြုကြောင်း ရေးသားခဲ့ပါတယ်။

ဒီလိုပြောဆိုမှုရဲ့ ပြဿနာကတော့ အခုလို ပရိုဂရမ်မာတွေကို အလုပ်ဖြုတ်ဖို့ အကြောင်းပြချက်ဖြစ်နေတဲ့ AI နည်းပညာကို Sam Altman ရဲ့ ကုမ္ပဏီကပဲ ဖန်တီးခဲ့တာ ဖြစ်နေလို့ပါ။ ဒါ့အပြင် အဲဒီ AI တွေကို လေ့ကျင့်သင်ကြားပေးရာမှာ အခု သူကျေးဇူးတင်နေတဲ့ ပရိုဂရမ်မာတွေ ရေးသားခဲ့တဲ့ ကုဒ်တွေကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

OpenAI CEO Sam Altman: 'maybe we do need less software engineer' - The Times of India

သူ့ရဲ့ ရေးသားမှုက ဆော့ဖ်ဝဲလ်ရေးသားခြင်းဆိုတဲ့ ခက်ခဲတဲ့ ပညာရပ်ကြီးဟာ အခုအခါမှာ ခေတ်မမီတော့သလို မလိုအပ်တော့ဘူးလို့ သက်ရောက်နေစေပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ပို့စ်အောက်မှာ ဒေါသထွက်နေတဲ့ မှတ်ချက်တွေ အများကြီး ရရှိခဲ့ပြီး သူတို့ရဲ့ ကြိုးစားမှုအတွက် ဆုလာဘ်က အလုပ်ပြုတ်သွားခြင်းပဲလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒေါသထွက်နေသူတွေ ရှိသလို အင်တာနက် သုံးစွဲသူတွေကတော့ ဒီပို့စ်ကို နောက်ပြောင်တဲ့ meme တွေ ဖန်တီးခဲ့ကြပါတယ်။ တချို့က ဒါဟာ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတွေအတွက် နာရေးဖိတ်စာလားလို့ လှောင်ပြောင်ခဲ့ကြပြီး ဘီလီယံနာတွေ အဖြစ်မှန်မသိဘဲ လျှောက်မရေးခင် တားဆီးပေးမယ့် AI မျိုး ဖန်တီးသင့်တယ်လို့ နောက်ပြောင်ခဲ့ကြပါတယ်။

ref : Techcrunch