စမတ်ဖုန်းတစ်လုံးရဲ့ မြန်ဆန်မှုဟာ Processor ၊ RAM ပိုင်းအပြင် Data တွေ Read/Write ပြုလုပ်နေရတဲ့ Storage ကလည်း အရေးပါပါတယ်။ အထူးသဖြင့် အခုနောက်ပိုင်း Flagship ဖုန်းတွေမှာ 8K Video တွေအထိ ရိုက်ကူးနိုင်တာကြောင့် Storage က ပိုပြီး မြန်ဆန်ဖို့ လိုအပ်ပါတယ်။

အခုလက်ရှိအချိန်မှာ စမတ်ဖုန်းအများအပြားဟာ Universal Flash Storage (UFS) 3.0 သို့မဟုတ် 3.1 ကို အသုံးပြုနေကြပေမယ့် အခုတော့ Samsung ကနေ ပိုကောင်းတဲ့ UFS 4.0 Storage နည်းပညာကို အသစ်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ UFS 4.0 Storage ဟာဆိုရင် Samsung ရဲ့ Gen 7 NAND Memory နဲ့ Proprietary Controller ကို အသုံးပြုထားပြီး Sequential Read Speed အနေနဲ့ 4,200MB/s နဲ့ Sequential Write Speed အနေနဲ့ 2,800MB/s အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Read/Write Speed ပိုင်းမှာ သိသိသာသာမြန်ဆန်လာသလိုပဲ UFS 4.0 ဟာ ပါဝါစားသုံးမှုပိုင်းမှာလည်း ယခင်ထက် ၄၆ ရာခိုင်နှုန်းအထိ ပိုပြီး သက်သာနိုင်မှာဖြစ်ပါတယ်။ Memory Bandwidth အနေနဲ့ကတော့ UFS 4.0 ဟာ ယခင် UFS 3.1 ထက် ၂ ဆ ပိုပြီးများပြားလာတဲ့ 23.2Gbps per lane ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

Samsung ရဲ့ ပြောကြားချက်အရတော့ UFS 4.0 ဟာ Data Processing ပိုင်းမှာ အလွန်များပြားတဲ့ Data တွေကို သယ်ဆောင်နိုင်ပြီဖြစ်တာကြောင့် နောက်ပိုင်းမှာ စမတ်ဖုန်းတွေအပြင် VR ၊ AR နဲ့ တခြားသော Automotive Industry ပိုင်းမှာပါ အသုံးချနိုင်ဖို့ မျှော်လင့်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခု UFS 4.0 Storage ဟာ 1TB Storage အထိ Configure ပြုလုပ်နိုင်မှာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ် တတိယ ၃ လပါတ်မှာ စတင်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ့် Samsung Galaxy S23 Series ဖုန်းတွေမှာပဲ အစောဆုံးမြင်ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena