Samsung ဟာ အခုအချိန်မှာ Laptop တွေအတွက် Under-screen Camera နည်းပညာကို Teaser အနေနဲ့ ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ နည်းပညာကိုတော့ “Samsung Blade Bezel” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

Samsung Blade Bezel နည်းပညာဟာ UPC လို့ အဓိပ္ပါယ်ရတဲ့ Under Panel Camera နည်းပညာကို ပထမဆုံးအနေနဲ့ အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Laptop Display တွေမှာ Webcam အတွက် အပေါ်ဘက်ဘောင်ကို နေရာပေးစရာမလိုတော့တဲ့အတွက် ပိုပြီး ပါးလွှာပေါ့ပါးတဲ့ Display တွေကို ပြောင်းလဲနိုင်မှာပါ။

Samsung ကတော့ အဆိုပါ နည်းပညာဟာ OLED Display တွေနဲ့ တွဲဖက်ရမှာဖြစ်တဲ့အတွက် Screen Quality ပိုင်းမှာလည်း ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး Under Panel Camera ကြောင့် Webcam ရဲ့ Quality ကို ထိခိုက်နိုင်မလားဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။

လောလောဆယ်မှာ Under Display Camera နည်းပညာကို ZTE Axon 20 5G ဖုန်းမှာ အသုံးပြုထားပြီးဖြစ်ပေမယ့် Camera Quality အနေနဲ့ကတော့ ပုံမှန်စမတ်ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် အားနည်းနေတုန်းဖြစ်ပါတယ်။ Samsung ကနေ ၂၀၁၉ ခုနှစ်တုန်းကတော့ စမတ်ဖုန်းတွေအတွက် Under Display Camera နည်းပညာဟာ ၁ နှစ် ၂ နှစ်အတွင်း အဆင်သင့်ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ဖူးတဲ့အတွက် ယခုနှစ်အတွင်းမှာပဲ Laptop တွေအပြင် စမတ်ဖုန်းတွေအတွက်ပါ မိတ်ဆက်လာနိုင်ပါတယ်။

တစ်ခုရှိတာကတော့ လက်ရှိ High-end Windows Ultrabook တွေမှာ Webcam တစ်ခုတည်းအနေနဲ့ အသုံးပြုတာမဟုတ်ဘဲ Windows Hello IR Face Unlock စနစ်အနေနဲ့ပါ အသုံးပြုကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung အနေနဲ့ OLED Display Panel အောက်မှာ Webcam အပြင် တခြားသော Sensor တွေကိုပါ ထည့်သွင်းနိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – The Verge