Samsung Galaxy A13 5G ဟာ ကုမ္ပဏီရဲ့ ဈေးအချိုသာဆုံး 5G ချိတ်ဆက်နိုင်တဲ့စမတ်ဖုန်းဖြစ်လာပြီး လာမဲ့နှစ်အစောပိုင်းကာလမှာ ဖြန့်ချိဖို့ မျှော်လင့်နေကြပါတယ်။ Galaxy A13 5G နဲ့ပတ်သက်တဲ့သတင်းတွေဟာ လွန်ခဲ့တဲ့ စက်တင်ဘာလဆန်းကတည်းကထွက်ပေါ်ခဲ့တာဖြစ်ပြီး အခုအချိန်မှ အရည်အသွေးမြင့် Renders အချို့ ပေါ်ထွက်လာတာပါ။

@OnLeaks နဲ့ @Zouton တို့ရဲ့ကျေးဇူးနဲ့ ထွက်ပေါ်လာတဲ့ ဒီ Renders တွေဟာ ဟန်းဆက်တွေရဲ့ ဈေးကွက်ထဲရောက်လာချိန်မြင်တွေ့ရမဲ့ ပုံစံကိုပြသနေပါတယ်။ အနည်းငယ်အံ့အားသင့်ရတာကတော့ ဒီဟန်းဆက်ရဲ့ကိုယ်ထည်ဟာ ပလတ်စတစ်ဖြစ်နေတာနဲ့ Camera Bump ပါပဲ။

ကင်မရာသုံးလုံးတပ်ဆင်ထားတာကိုမြင်တွေ့ရပြီး တစ်ခုချင်းစီခွဲထားတာဟာ Samsung Galaxy A13 5G ရဲ့ ဒီဇိုင်းပါပဲ။ အ ရှေ့ဘက်မျက်နှာပြင်ဟာ 6.48-inch IPS LCD panel ဖြစ်ပြီး Fingerprint reader ကို ဘေးဘောင်မှာ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ မျက်နှာပြင်ဟာ 1080 x 2340px resolution ဆိုတာကတော့ သတင်းကောင်းတစ်ခုပါပဲ။

အခြား Specs တွေအနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက သတင်းထွက်ထားသလိုပဲ Dimensity 700 SoC အသုံးပြုထားပြီး 50MP f/2.0 အဓိကကင်မရာ၊ 5MP f/2.2 ultrawide နဲ့ 2MP depth sensor တို့ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ 5,000mAh ပမာဏ ဘက်ထရီကိုတပ်ဆင်ထားပြီး 25W အားသွင်းမြန်နှုန်းအထိ ထောက်ပံ့မယ်လို့ ဆိုပါတယ်။ 4GB/64GB နဲ့ 8GB/128GB အမျိုးအစားနှစ်မျိုး ထုတ်လုပ်ထားပါတယ်။

Samsung ဟာ Galaxy A13 5G ကို အမေရိကန်နဲ့ ကနေဒါဈေးကွက်တွေမှာ ဖြန့်ချိမယ်လို့ သိရပြီး တန်ဖိုးက $290 ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ကြေငြာဖွယ်ရှိပြီး ၂၀၂၂ အစောပိုင်းမှာ ရောင်းချမယ်လို့ ဆိုပါတယ်။ ထွက်ထားတဲ့ Renders တွေအရ ရွေးချယ်နိုင်မဲ့အရောင်တွေကတော့ Black, White, Red နဲ့ Blue တို့ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena