ဆဲလ်ဖီးဆွဲဖို့ အနောက်ကင်မရာကို အရှေ့ဘက် လှည့်လို့ရတဲ့ Flip ကင်မရာပါတဲ့ Galaxy A80 ကို မှတ်မိကြသေးလား။ ကင်မရာဟာ ဖုန်းကိုယ်ထည်အောက်ကနေ အပေါ်တက်လာတဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် မျက်နှာပြင် အထက်ကဘောင်ဟာ ပါးလွှာသလို Punch Hole လည်း မပါပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အဲဒီဖုန်းရဲ့ မော်ဒယ်အသစ် မထွက်လာခဲ့ပါဘူး။
အခုတော့ Samsung ဟာ Galaxy A82 ကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းမှာ A80 မှာလို Flip-up ကင်မရာ ပါလာမလားဆိုတာ မသေချာသေးဘဲ 5G ဆက်သွယ်မှု ပါလာမယ်ဆိုတဲ့ သတင်းပဲကြားသိရပါသေးတယ်။ ၂၀၂၁ ခုနှစ်ထုတ် ဖုန်းမှာ 5G ပါလာတာကတော့ မထူးဆန်းပါဘူး။
လက်ရှိမှာ အဲဒီလို ကင်မရာ ဒီဇိုင်းမျိုး ပါတာ Asus Zenfones မှာပဲ တွေ့ရပါသေးတယ်။ မျက်နှာပြင်အောက် ကင်မရာ နည်းပညာ မပေါ်သေးခင်ကတော့ Full Screen ဒီဇိုင်းရဖို့ Flip-up , Pop-up ကင်မရာတွေဟာ ရွေးချယ်စရာ ၁ ခု ဖြစ်ခဲ့ပါတယ်။ ပင်မကင်မရာကို ဆဲလ်ဖီးအတွက် သုံးနိုင်လို့ ဓါတ်ပုံ အရည်အသွေး ပိုမိုက်သလို မြင်ကွင်းကျယ် ကင်မရာနဲ့ LED Flash တွေကိုပါ ဖောဖောသီသီ သုံးနိုင်ပါတယ်။
Samsung ဟာ Galaxy A82 ကို ဖန်တီးနေတဲ့ အဆင့်ပဲရှိနိုင်ပါသေးတယ်။ မကြာခင်မှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။
Ref : gsmarena