ပြီးခဲ့တဲ့အပတ်တုန်းက DXOMark ဟာ Samsung Galaxy S20 Ultra ရဲ့ ကင်မရာကို ဝေဖန်သုံးသပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နည်းပညာနယ်ပယ်သာမက Samsung Fan တွေအတွက် ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲဆိုပြီး စိတ်ဝင်တစား စောင့်ဆိုင်းခဲ့ရတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ရပါတယ်။

DXOMark က သူတို့ရဲ့ ဝေဖန်သုံးသပ်ချက်ကို ဝက်ဘ်ဆိုက်မှာ ပြန်လည်ဖော်ပြခဲ့ချိန်မှာတော့ အများမျှော်လင့်ထားသလို ဖြစ်မလာဘဲ စိတ်ပျက်စရာ ရလဒ်အနေနဲ့ တွေ့မြင်ခဲ့ကြရပါတယ်။ အကြောင်းရင်းက Samsung Galaxy S20 Ultra ကင်မရာရဲ့ စွမ်းဆောင်ရည်ဟာ Huawei P40 Pro နဲ့ အနီးဆုံးနေရာမှာ ရှိမနေဘဲ ဝေးလံတဲ့ ဆဌမနေရာမှာ ရှိနေလို့ ဖြစ်ပါတယ်။

Galaxy S20 Ultra ကို ပြီးခဲ့တဲ့ မတ်လမှာ ဖြန့်ချိခဲ့တာပါ။ ဈေးကွက်ထဲ ရောက်ပြီးကတည်းက တောင်ကိုရီးယားကုမ္ပဏီကြီးဟာ ကင်မရာရဲ့ စွမ်းဆောင်ရည်ကို တိုးတက်လာစေဖို့အတွက် Firmware update အချို့ကို ထုတ်လွှတ်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း အလုပ်မဖြစ်ခဲ့ဘဲ Huawei P40 Pro, Honor 30 Pro+, Oppo Find X2 Pro, Xiaomi Mi 10 Pro နဲ့ Huawei Mate 30 Pro 5G တို့ရဲ့ နောက်မှာပဲ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝေဖန်သုံးသပ်မှုတွေမှာ Samsung ရဲ့ Flagship ဟာ အနုတ်လက္ခဏာသက်သက် ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဓါတ်ပုံပိုင်းမှာ ရမှတ်တွေကောင်းပေမယ့် ဗီဒီယိုပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တဲ့အတွက် စုစုပေါင်းရမှတ်က လျော့နည်းသွားရတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် DXOMark ကတော့ Galaxy S20 Ultra ရဲ့ Lively color တွေ၊ Dynamic range နဲ့ ဒီနယ်ပယ်ထဲမှာ အကောင်းဆုံးနီးပါးလို့ဆိုရမယ့် Noise Control တွေကို ချီးမွမ်းခန်းဖွင့်ခဲ့ရပါတယ်။ အားနည်းချက်ကတော့ အလင်းရောင်နည်းချိန်မှာ Autofocus ပိုင်းရဲ့လုပ်ဆောင်မှုတွေ နှေးကွေးတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina