Samsung ကနေ အကြမ်းခံတဲ့ tablet ကို နောက်ဆုံး မိတ်ဆက်ခဲ့တာ တစ်နှစ်လောက်ရှိလာတဲ့နောက် tablet မော်ဒယ်အသစ်တစ်မျိုး ဖြစ်တဲ့ Samsung Galaxy Tab Active3 ကို ထပ်မံ မိတ်ဆက်တော့မှာပါ။ Bluetooh SIG က အတည်ပြုပေးခဲ့ပြီး SM-T570, SM-T575, SM-T575N, SM-T577, SM-T577_DS စတဲ့ မော်ဒယ်နံပါတ်တွေနဲ့ အတည်ပြုချက် ရယူခဲ့တာ ဖြစ်ပါတယ်။

အချို့မော်ဒယ်တွေကတော့ Wi-Fi သီးသန့် ထွက်ရှိလာမှာဖြစ်ပြီး အချို့ကတော့ LTE ဖြစ်ကာ Dual SIM မော်ဒယ်တွေလည်း ထွက်ရှိလာမှာပါ။ ဒါက ရှားပါးတဲ့ Feature တစ်ခု လို့ဆိုနိုင်ပြီး Samsung Tablet တွေ အတွက် ပထမဆုံး ဖြစ်ပါတယ်။ ဒီထဲက Tablet တစ်ခုဟာ ပြီးခဲ့တဲ့ ၂၀၁၈ မှာ ထွက်ရှိခဲ့တဲ့ Galaxy S9 နဲ့ ၂၀၁၉ က ထွက်ခဲ့တဲ့ Galaxy Note10 Lite တို့မှာ သုံးစွဲခဲ့တဲ့ Exynos 9810 ချစ်ပ်ဆက်ကိုပဲ ပြန်အသုံးပြုထားတယ်လို့လည်း Geekbench မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Samsung M3 cores (2.7 GHz) လေးခု နဲ့ Cortex-A55 cores လေးခု အပြင် Mali-G72 MP18 GPU ပါဝင်တဲ့ အတွက် တော်တော်လေး စွမ်းဆောင်ရည်ကောင်းတဲ့ ချစ်ပ်ဆက်ပါပဲ။ အရင်ဟာကိုပဲ ပြန်သုံးထားတယ်လို့ ပြောစရာရှိပေမယ့်လည်း မနှစ်က ထွက်လာတဲ့ Tab Active Pro မှာ Snapdragon 710 ကို သုံးထားတာနဲ့ ယှဉ်ရင်တော့ အခု လက်ရှိ အနေအထားက တိုးတက်လာတယ်လို့ ဆိုရမှာပါ။

Geekbench ပေါ်ကနေ ထပ်သိရတာကတော့ ဒီ Tablet တွေက 4 GB RAM အမြင့်ဆုံး ဖြစ်ပြီးတော့ Android 10 OS နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ Tablet ရဲ့ ရှေ့ဖက်ကို ပြတဲ့ ပုံတစ်ပုံအရ ဒီ Galaxy Tab Active3 က မျက်နှာပြင်အောက်ခြေမှာ hardware ခလုတ်သုံးခု ပါဝင်တဲ့ အတွက် Tablet က Touch အလုပ်မလုပ်နိင်တဲ့ အနေအထား ဖြစ်ခဲ့ရင်တောင် ထိန်းချုပ်လို့ ရနိုင်ပါသေးတယ်။

ဘက္ထရီကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း ပေါ်ထွက်လာခဲ့ပြီး ဘက္ထရီ အရွယ်အစား ကတော့ သိပ်ကြီးကြီးမားမား မဟုတ်လှပါဘူး။ 4,900 mAh နဲ့ 5,050 mAh ဘက်ထရီတွေကို အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားနဲ့ ပတ်သက်ပြီး မသိရသေးပေမယ့် Galaxy Tab Active 2 လိုမျိုး ၈ လက်မ အရွယ်အစားရှိတဲ့ Tablet ဖြစ်မယ်လို့ ယူဆရပါတယ်။

Ref – GSMArena