Samsung ဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ Galaxy Unpacked Event ကို ကျင်းပမှာ ဖြစ်ပြီး အဲဒီ ပွဲမှာ Galaxy Watch4 နဲ့ Watch4 Classic တို့ကို ကြေညာမယ်လို့ထင်ရပါတယ်။ အရင်က အဲဒီ စမတ်နာရီတွေရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ Galaxy Watch4 Classic ရဲ့ Live ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး အရင်က ထွက်ပေါ်ခဲ့တဲ့ ဒီဇိုင်းနဲ့ တူညီပါတယ်။

အခုဓါတ်ပုံတွေမှာ Galaxy Watch4 Classic ရဲ့ UI ကိုလည်း လေ့လာလို့ရလာပါတယ်။ စမတ်နာရီမှာ Rotating Bezel ပါလာမှာ ဖြစ်ပြီး ညာဘက်မှာ ခလုတ် ၂ ခု တပ်ဆင်ထားပါတယ်။ အရောင် ၃ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး အခု Live ဓါတ်ပုံတွေမှာတော့ အရောင် ၂ မျိုးပဲ မြင်ရပါတယ်။

Samsung က Galaxy Watch4 Classic နဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဒါပေမယ့် ပေါက်ကြား သတင်းတွေအရ Exynos W920 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 42mm, 44mm နဲ့ 46mm အရွယ်အစား ၃ မျိုး ထုတ်လုပ်ထားမယ်လို့သိရပါတယ်။

Samsung Galaxy Watch4 Classic ရဲ့ ပေါက်ကြားသတင်းတွေအရ Gorilla Glass DX/DX+ နဲ့ မျက်နှာပြင်ကို ကာကွယ်ထားမှာ ဖြစ်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်မှာပါ။ MIL-STD-810G စံနှုန်း ပါတဲ့အတွက် အကြမ်းခံမှာ ဖြစ်ပြီး နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ထည့်ထားနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကို တွက်ချက်တာနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးတာတွေ ပါလာမှာ ဖြစ်ပြီး ခြေလှမ်း တွက်ချက်တာနဲ့ GPS တွေ ထည့်သွင်းထားမှာပါ။

Samsung ဟာ Body Composition Monitor ကိုလည်း ဒီနှစ်ထုတ် စမတ်နာရီတွေမှာ တပ်ဆင်ထားမှာ ဖြစ်ပြီး Google Wear OS အခြေပြု One UI Watch မောင်းနှင်ထားမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Ref : gsmarena