မနက်ဖြန်မှာ ကျင်းပမယ့် Unpacked 2020 မှာ Samsung ရဲ့ ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို ကြေညာမယ်လို့ ထင်ရပါတယ်။ အခုတော့ ကုမ္ပဏီက အော်စကာ ဆုပေးပွဲအတွင်းမှာ အဲဒီဖုန်းရဲ့ တီဗီ ကြော်ငြာကို ပြသလိုက်ပါတယ်။ အဲဒီ ကြော်ငြာကို The Verge ရဲ့ အယ်ဒီတာချုပ် Nilay Patel က တွေ့ခဲ့တာဖြစ်ပြီး ဗီဒီယို ရိုက်ကာ တွစ်တာမှာ တင်ခဲ့ပါတယ်။

 

ဗီဒီယိုမှာ Galaxy Z Flip ကို ၉၀ ဒီဂရီ ခေါက်ချိုးပြီး စားပွဲပေါ်မှာ တင်ထားတဲ့အတွက် လက်သုံးစရာ မလိုဘဲ Video Chat လုပ်တာ၊ ဆဲလ်ဖီးဆွဲတာတွေ ပြုလုပ်နိုင်ပါတယ်။ အရင် သတင်းတွေအရ အဲဒီဖုန်းကို လူငယ် အမျိုးသမီးတွေအတွက် ရည်ရွယ် ထုတ်လုပ်တာလို့ သိရပြီး အခုကြော်ငြာအရ ဒီသတင်းက ပိုသေချာသွားခဲ့ပါတယ်။

The Verge က ကြော်ငြာမှာ ဖုန်း မျက်နှာပြင်ရဲ့ အလယ်မှာ ခေါက်ချိုးရာကို ပြသထားပြီး ဒါဟာ သာမာန်ပဲ ဆိုတာကို ကြည့်သူတွေသိအောင် တမင် ပြသထားတာလို့ ပြောပါတယ်။ ကြော်ငြာမှာ ဖုန်းရဲ့ အပြင်ဘက်က အရွယ်သေး ထိတွေ့မျက်နှာပြင်ကို ပြသထားပြီး ဖုန်းဝင်လာရင် တိုက်ရိုက် ကိုင်နိုင်တာကို တွေ့ရပါတယ်။ Notifications ကိုလည်း အဲဒီ မျက်နှာပြင်မှာ ပြသနိုင်ပါတယ်။

ကြော်ငြာမှာ ဖုန်းရဲ့ ဈေးနဲ့ ရောင်းမယ့် အချိန်ကို မပြသထားပေမယ့် မနက်ဖြန် ကျင်းပမယ့် Unpacked 2020 Event မှာ သတင်းအချက်အလက် အားလုံးကို သိလာရတော့မှာပါ။

Ref : techradar